မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံ ၁၂ ဦးကို ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကိုင် လူတစ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၄ နာရီခန့်မှာ အင်အား ၄၀ ခန့်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ကား လေးစီး၊ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
သတ်ဖြတ်ခံထားရသူတွေဟာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ဆက်နွယ်တဲ့သူတွေ ဖြစ်ကြပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဒလန်သတင်းပေး၊ ပြည်သူ့စစ်တွေလို့ ပြောတာပဲဗျ။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မဟုတ်သေးတော့ ဘယ်အဖွဲ့က လုပ်သွားလဲဆို တိတိကျကျ မသိရသေးဘူးပေါ့နော်”
သေဆုံးခဲ့သူတွေဟာ မလှိုင်မြို့တောင်ဘက် မိတ္ထီလာမြို့အနီး စစ်တပ်စိုးမိုးထားတဲ့ ထမ္မကြီးကျေးရွာက ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) အဖွဲ့ဝင်တွေဖြစ်ပြီး သတ်ဖြတ်ခဲ့တဲ့ Guardians Of Mahlaing အဖွဲ့က စစ်ရေးပစ်မှတ် ဖြစ်တာကြောင့် ရှင်းလင်းခဲ့တာလို့ ဒေသတွင်း သတင်းတွေက ရေးသားထားပါတယ်။
ဒီ Guardians Of Mahlaing အဖွဲ့ကို RFA က စာပို့ မေးမြန်းရာမှာတော့ ပြည်သူ့စစ်အဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက မနက်စောစောပိုင်းအချိန်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သွားတာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသလို စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ရွာသား ၁၂ ဦးကို PDF တွေက သတ်ဖြတ်ခဲ့တာလို့ ရေးသားထားပါတယ်။
လတ်တလောမှာ စစ်တပ်က မလှိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ထမ္မကြီးရွာ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မလှိုင်မြို့နယ်ကို ဩဂုတ်လအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လယ်ဗျားရွာ၊ မိတ်ကုန်းရွာ၊ တောင်ရိုးတဲရွာနဲ့ကျောက်တန်းရွာ စတဲ့ ရွာပေါင်း ၄ ရွာက အိမ် ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေလည်း ယူဆောင်ခံရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဘက်က လာတဲ့ စစ်ကြောင်းဟာ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင် စတဲ့ သုံးမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
