စစ်ကိုင်းတိုင်းက ရေဘေးဒုက္ခသည်တွေ အကူအညီရရှိရေးခက်နေ

စစ်ကိုင်းရေဘေးကို စစ်တပ်ခန့်အစိုးရလက်အောက်ခံအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်တာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၁၃ မြို့နယ်ရေဘေးမှာ အနည်းဆုံး လူ ၂၃ ယောက်သေဆုံးပြီး လူ နှစ်သိန်း နှစ်သောင်းကျော် အကူအညီလိုနေတယ်လို့ ဒေသခံအဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့ NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

သေဆုံးသူတွေက ကျွန်းလှမြို့နယ်မှာ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး၊ ကောလင်းမြို့နယ်မှာ ၃ ဦး၊ တန့်ဆည်မှာ ၂ ဦး၊ ရွှေဘိုမှာ ၁ ဦး၊ ကန့်ဘလူမှာ ၁ ဦးနဲ့ ခင်ဦးမှာ ၁ ဦးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းရေဘေးကို လက်ရှိအာဏာယူထားတဲ့ စစ်တပ်ခန့်အစိုးရလက်အောက်ခံအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေးရောက်တာ မတွေ့ရသေးပါဘူး။

အဲဒီအပြင်ရေဘေးကယ်ဆယ်ရေးသွားမယ့်သူတွေကို စစ်ကိုင်းတံတားမှာ တားဆီးတာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူဖြတ်သန်းခွင့်မပေးတာတွေ ရှိနေတယ်လို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုအထွေထွေလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က RFA ကို ပြောပါတယ်။

“ပုံမှန်အခြေအနေမှာဆိုရင်တော့ ကျွန်တော်တို့က သွားရောက်ကူညီမှုတွေနဲ့အမြန်ဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်သလို တံခါးမရှိ ဓားမရှိ ဘာအခက်ခဲမှာ မရှိဘဲနဲ့ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့်အခုလိုမျိုး မင်းအောင်လှိုင်က အာဏာသိမ်းထားတဲ့အချိန်မှာအခက်ခဲပေါင်းများစွာ ကြုံရတယ်။ ပစ္စည်းတွေဝယ်ပြီး အလှူခံပြီး ပြည်သူကလှူတဲ့ငွေနဲ့ သွားပြီးဝယ်ဖို့ လှူဖို့ ကိစ္စမှာတောင် စစ်ကိုင်းတံတားကနေ ပိတ်ထားတာ မျိုးတွေ၊ ပစ္စည်းတွေ ဒီဘက်ကိုမရောက်အောင် ကာထားတဲ့အခက်အခဲတွေကြုံရပါတယ်”

အညာရေဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုစံနှုန်းတွေအရ ခွင့်ပြုပေးဖို့လိုအပ်တယ်လို့ မန္တလေးအခြေစိုက် အရေးပေါ်အခြေအနေကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုကော်မတီ (EMC) က အလုပ်အမှုဆောင်ဒါရိုက်တာ မမေနှင်းက RFA ကို ပြောပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းတွေ ဒီဘက်ကိုဆင်းပြီး ကူနိုင်တာမျိုး အဲဒီလိုအခြေအနေမျိုးကမရှိဘူး။ ဒါပေမဲ့ ဘာလုပ်လို့ရလဲဆိုတော့ တကယ်ပဲ လူသားချင်းစာနာထောက်ထားမှုအရ လိုအပ် တဲ့အကူအညီတွေဖြစ်တယ်။ ရေဘေးသင့်ပြည်သူတွေဖြစ်တယ်။ ဒါတွေသည် အရပ်သားဖြစ်သူတွေ ဖြစ်တယ်။ ဒီလူတွေကို ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့ နေရာကနေ ကယ်ထုတ်ဖို့အတွက် လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ၊ လူသားချင်း စာနာထောက် ထားမှုစံနှုန်းတွေအရဆိုရင် လုပ်ကိုလုပ်ရမယ့်တာဝန်ရှိတယ်“

ဒီကိစ္စနဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးအစီအစဥ်တွေသိရဖို့ စစ်တပ်ခန့်အစိုးရအဖွဲ့ ရဲ့ စစ်ကိုင်းတိုင်း စီမံ/စီးပွားနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်ခန့်အစိုးရရဲ့ ခြိမ်းခြောက်ဟန့်တားတာတွေကြောင့် ကူညီချင်တဲ့သူတွေအတွက် အခက်အခဲတွေရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ရေဘေးကူညီနေသူတစ်ယောက်က RFA ကိုပြောပါတယ်။

“ကူညီချင်တယ်ဆိုရင်တောင်မှ ကူညီဖို့ခက်ခဲတယ်၊ သဘာဝဘေးအတွက်လိုအပ်လို့ ယူသွားရမယ့်ဆေးဝါးလိုမျိုးဆိုရင် ဒါက တော်လှန်ရေးဘက်ကသူတွေကို ထောက်ပံ့ဖို့ဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်မျိုးတွေနဲ့ သိမ်းပစ်တာမျိုးရှိတဲ့အတွက် လှူတဲ့သူတွေကလည်း ရဲရဲဝံ့ဝံစိတ်စေတနာသန့်သန့်နဲ့ ကူညီချင်တဲ့ စိတ်ရှိတယ်ဆိုရင်တောင်မှ ကူညီဖို့လက်တွေက တွန့်နေကြဦးမှာပဲ”

စစ်ကိုင်းရေဘေးကို ကူညီထောက်ပံ့ဖို့ စစ်တပ်ခန့်အစိုးရကြောင့် အခက်အခဲဖြစ်နေတယ်ဆိုရင် ဒေသခံအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီနိုင်တယ်လို့ အရေးပေါ်အခြေအနေကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု ကော်မတီ EMC က မမေနှင်းက RFA ကိုပြောပါတယ်။

“မြေပြင်ကိုရောက်အောင်ဆိုလို့ရှိရင် ကျွန်တော်တို့လို EMC အဖွဲ့မျိုးတွေ၊ MERC အဖွဲ့တွေ၊ မြေပြင်မှာရှိတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ နေ့တိုင်းလည်း ဒီလူတွေက မအားမလပ် ကူညီကယ် ဆယ်ရေးတွေစတင်လုပ်ဆောင်နေပြီ ဖြစ်တာကြောင့် ဒီအဖွဲ့တွေကတဆင့် ငွေကြေးပေးပို့လှူဒါန်းနိုင်ပါတယ်။ နောက်တစ်ခု သတင်းအချက်အလက် မျှဝေခြင်းအားဖြင့်လည်း ကူညီနိုင်ပါတယ်”

ရေဘေးဒုက္ခသည်ဦးရေက ကောလင်းမြို့နယ်မှာ ခြောက်သောင်းခုနှစ်ထောင်နီးပါးရှိပြီး ခင်ဦးမှာ သုံးသောင်းလေးထောင်၊ ဒီပဲယင်းနဲ့ ကန့်ဘလူမြို့နယ်မှာ နှစ်သောင်းခွဲကျော်စီ ရှိနေပါတယ်။

စစ်တပ်ခန့်အစိုးရဘက်က စစ်ကိုင်းရေဘေးဒုက္ခသည်တွေကို ကူညီတာမတွေ့ရတဲ့အပြင် ခင်ဦးမြို့နယ်က ကွမ်းတိုင်းကျေးရွာကို ဩဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီကျော်မှာ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲ တိုက်ခိုက် သွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။