မိုးသည်းထန်ပြီး ဆည်ရေမြင့်တက်လာတဲ့ သဖန်းဆိပ်ဆည်ကို အာဏာပိုင်တွေဥ ရေလွှတ်ပေးအပြီး ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေဘေးဒဏ်ခံနေရတဲ့ ကွမ်းတိုင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က သြဂုတ်လ ၁၁ နေ့မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် အမျိုးသမီးတစ်ဦး ခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ ကိုနေသူရက RFA ကို ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ ရေဘေးကြောင့် ဩဂုတ် ၁၁ ရက်အထိ လူတစ်ဦး သေဆုံးထားသလို လူဦးရေ ၃၃,၉၄၀ ဦး ရေဘေးဒဏ်ထိခိုက်နေပြီး အိမ်ထောင်စုပေါင်း ၇,၂၇၀ က ရေဘေးဒဏ်ခံနေရတယ်လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရေဘေးထဲမှာပဲ ဆေးကုသမှုခံ ယူနေရတယ်လို့ ခင်ဦးမြို့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အမျိုးသမီးတစ်ဦးကတော့ ခေါင်းရှပ်ထိပြီး ဒဏ်ရာရလို့ ရေဘေးထဲမှာပဲ ဆေးကုသမှု ခံယူနေရပါတယ်။ ရွာထဲက နွားခြံတစ်ခုလည်း ဗုံးထိလို့ နွားတစ်ကောင် ထိခိုက်သွားသေးတယ်။ အခု လေကြောင်း တိုက်ခိုက်တာခံလိုက်ရတဲ့ ရွာထိပ်က ချောင်းကလည်း မိုးရွာထားတော့ ရေကြီးနေပါတယ်။ ရွာမြောက်ဘက်က ပင်တင်းရေလှောင်ကန်လည်း ရေပြည့်နေလို့ ရေပိုလွှဲကနေ ရေလွှတ်ထားရပါတယ်။ ရွာတောင်ဘက်က မင်းကန်ကြီး ရေလှောင်ကန်လည်း ရေပြည့်နေလို့ ရေလွှတ်ထားရပါတယ်။ ရွာပတ်ချာလည်မှာက ရေဘေး၊ အပေါ် က လေယာဥ်ဘေး။ ရေထဲက မြွေဘေး ဘာကျန်သေးလဲ"
ကွမ်းတိုင်းရွာက ခင်ဦးမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်လောက်ပဲ ဝေးပြီး အခုလို ရေတွေကြီးနေတဲ့အချိန် ရေဘေးထဲမှာ ရွာပေါ်ကနေ လေကြောင်းနဲ့ပါ တိုက်ခိုက်ခံရတာဆိုတော့ ရွာသူရွာသားတွေအတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ် အနောက်ခြမ်းမှာ ရေဘေးကြောင့် တိမ်းရှောင်နေရတဲ့ ပထမနေ့ကတည်းက ရွှေဘိုမြို့မှာရှိတဲ့ လက်ရုံးတပ်ရင်းအမှတ် ၈ ကနေ အသေခံဒရုန်းတွေနဲ့ ခင်ဦးမြို့အရှေ့ခြမ်းက ကျေးရွာတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဒီနေ့ လာတိုက်ခိုက်တဲ့လေယာဥ်ကတော့ မန္တလေးတိုင်း၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ရေဘေးကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်း၊ မူးမြစ်ဘေးက တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်နဲ့ သက်သာပန်းတောင်း (ကားဆိပ်) ကျေးရွာတွေမှာ ရေမကျသေးဘဲ ရေကြီးနေဆဲဖြစ်ပြီး ကျန်ကျေးရွာ တွေမှာတော့ ရေအနည်းငယ် ပြန်ကျလာနေတယ်လို့ ခင်ဦးမြို့ ရေဘေးကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ စစ်ကိုင်းတိုင်း စီမံကိန်း - စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က အကြိမ်ကြိမ် တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ရဲ့ သြဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၁၃ ခု ရေဘေးဒဏ်ခံနေရပြီး လူဦးရေ ၂ သိန်း ၂ သောင်းကျော် ထိခိုက်နေတယ်လို့ဖော်ပြထားပါတယ်။
