မြန်မာနိုင်ငံက တရားမဝင်တဲ့ အာဏာသိမ်းစစ်အုပ်စုကို ထိုင်းအစိုးရက ဖက်လဲတကင်းဆက်ဆံနေတဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြစ်တင်ရှုတ်ချတဲ့အကြောင်း ဩဂုတ်လ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ ကမ္ဘာမှာ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်မှုတွေအတွက်တာဝန်ယူရမယ့် အဖွဲ့ကို တရားဝင်မှုရအောင် ကူညီတာမျိုးဖြစ်လိမ့်မယ်လို့လည်း ထိုင်းအစိုးရကို သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများရဲ့ (၉) ကြိမ်မြောက်အစည်းအဝေးတက်ဖို့ ဘန်ကောက်မြို့ကို ရောက်နေတဲ့အချိန်မှာ (APHR) က အခုလိုရှုတ်ချတဲ့ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါဟာ မြန်မာပြည်သူတွေကို သစ္စာဖောက်တာဖြစ်သလို အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုလိုက်တာလို့ APHR ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီ ခရစ်စတီ ဘာရန်းဒ် (Mercy Chriesty Barends) က ပြောပါတယ်။
“မြန်မာနဲ့ပတ်သက်လို့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်မဖော်မချင်း သူတို့ကို သီးခြားဖယ်ထားဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူထားတာ ရက်သတ္တပတ် ဘာမှမကြာသေးတဲ့အချိန်မှာပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့စစ်ဗိုလ်ချုပ်တွေကို ထိုင်းအစိုးရက ကြိုဆိုနေပါတယ်”
ထိုင်းအစိုးရရဲ့ ရပ်တည်ချက်ဟာ အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကိုပါ ထိခိုက်အောင် လုပ်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ မြန်မာ့အရေးမှာ ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်မလား၊ စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအသက်ရှူပေါက်ဖြစ်လာမလားဆိုတဲ့ လမ်းဆုံကို ရောက်နေပါတယ်။ စစ်တပ်ခန့်အစိုးရနဲ့ နီးကပ်မှုက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ရုံတင်မက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကိုပါ လက်တွေ့မှာ အားနည်းပျက်ပြယ်စေနိုင်ပါတယ်”
ထိုင်းအာဏာပိုင်တွေဟာ စစ်တပ်ခန့်အစိုးရကိုယ်စား မကြာသေးခင်က နယ်စပ်တစ်လျှောက်မှာ ပစ္စည်း ကိရိယာတွေကိုသိမ်းဆည်းခဲ့တာတွေအပါအဝင်၊ မြန်မာတော်လှန်ရေးအဖွဲ့တွေကို အရေးယူတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေအတွက်လည်း စိုးရိမ်တယ်လို့ APHR က ဆိုပါတယ်။
ဒါကြောင့် စစ်တပ်ခန့်အစိုးရရဲ့ စစ်ဆင်ရေးတွေမှာ ထိုင်းအစိုးရက တက်တက်ကြွကြွ ပူးပေါင်းကူညီလာမယ်ဆိုရင် မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေအတွက် ထိုင်းနိုင်ငံမှာလည်း ပူးတွဲတာဝန်ရှိလာမယ်လို့ APHR က သတိပေးပါတယ်။
ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကအုပ်ချုပ်တာကို တရားဝင်ဖြစ်စေမယ့် ဆက်ဆံမှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်တဲ့အခါမှာ အထောက်အကူဖြစ်စေမယ့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ APHR က တောင်းဆိုပါတယ်။
အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် ကူညီမယ်ဆိုတာကို လူသိရှင်ကြားပြန်လည်အတည်ပြုပြီး၊ ထိုင်းနိုင်ငံရဲ့လုပ်ရပ်ကိုတာဝန်ယူခိုင်းဖို့ APHR က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်အစစ်အမှန်တွေ ပြန်မရမချင်း၊ ကျူးလွန်သူတွေကို စိစစ်ရွေးချယ်ပြီးအရေးယူပိတ်ဆို့မှုတွေ ဆက်လက်ဆောင်ရွက်ဖို့ APHR က တိုက်တွန်းလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့က တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်းသွားကြမယ့်အခြေအနေတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
