မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇီးပြောင်း (၅) ရွာက မူလတန်းကျောင်းဘောလုံးကွင်းမှာ မိုးရာသီဘောလုံးပြိုင်ပွဲကျင်းပနေချိန် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၅ နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၁၁ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ၁၄ မိနစ်ခန့်မှာ သိမ်ဇရပ်မြို့အခြေစိုက် အမှတ်-၃၁၀ အမြောက်တပ် (အမတ-၃၁၀) က ပစ်ခတ်လိုက်တဲ့ ၁၂၂ မမ လက်နက်ကြီးက ဘောလုံးကွင်းဘေးကို ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတွေနဲ့ အရပ်သားတွေ ထိခိုက်၊ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမျိုးလည်း မရှိပါဘူး။ မိုးရာသီကျောင်းသားဘောလုံးပွဲ ကျင်းပနေတဲ့အချိန် ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ။ လက်နက်ကြီးက ဘောလုံးကွင်း ဂိုးတိုင်နဲ့ကပ်လျက်အိမ်ကို ကျတာ။ ဂိုးတိုင်နဲ့ အိမ်နဲ့က ဆယ်ပေလောက်ပဲ ကွာတယ်။ ကွင်းထဲသာကျလို့ကတော့ ဒီထက်မက ထိခိုက် သေဆုံးသူများမှာပါ”
လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ် မောင်ချစ်လင်းအောင် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အထိ အရွယ်တွေဖြစ်တဲ့ မောင်ဇင်ဖြိုးပိုင်၊ စောခွန်ဆန်း၊ မောင်မင်းသက်ပိုင်၊ မောင်ရှိုင်းလင်းထက်၊ မောင်သူရိန်ထွန်း၊ မောင်နေလင်းအောင်နဲ့ မောင်ဘိုအာကာ၊ အသက် ၃၀ ကနေ ၃၆ နှစ်ကြားအရွယ်တွေဖြစ်တဲ့ မအိ၊ မနှင်းယုထွေး၊ ကိုသန့်ဇင်ဦးနဲ့ ကိုထွန်းလင်းဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် နေအိမ် တစ်လုံး ပျက်စီးပြီး စိုးရိမ်ရတဲ့ လူနာတွေကို ရန်ကုန်နဲ့ ပဲခူးဆေးရုံတွေဆီ ပို့ဆောင်ကုသနေရပြီး ကျန်တဲ့လူနာတွေကိုတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဇူလိုင်လ ၁၇ ရက်နေ့ကလည်း မကွေးတိုင်း နတ်မောက်မြို့နယ် ကံလေးကုန်းရွာ မူလတန်းလွန်ကျောင်း (မူလွန်ကျောင်း) ကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦးသေဆုံးပြီး နောက်ထပ် ကျောင်းသား ၇ ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဩဂုတ်လ ၂ဝ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း (၈,၂၉၃) ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး (၁,၁၀၄) ဦးသေဆုံးခဲ့ပါတယ်။
