တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို “မတရားဖမ်းဆီးထားခံရသူ”အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က သတ်မှတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီလန်ဂျွန်ဆင် (Dylan Johnson) က သြဂုတ်လ ၂၀ ရက်နေ့က လူမှုကွန်ယက်ကတစ်ဆင့် ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ဒါမှမဟုတ် တရုတ်ပြည်ကနေ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
ဒီလို သတ်မှတ်လိုက်တာဟာ အဖမ်းခံထားရသူ ဦးမင်းဇင် လွတ်မြှောက်ရေး အမေရိကန်အစိုးရက အဓိက ဦးစားပေးလိုက်တဲ့သဘောဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အမေရိကန်အစိုးရက အခုလို မတရားဖမ်းဆီးမှုအဖြစ် သတ်မှတ်လိုက်တာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက သြဂုတ်လ ၂၁ ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။
တရုတ်အစိုးရ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ လင်ကျန်း (Lin Jian) က တရုတ်နိုင်ငံဟာ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်တယ်လို့ပြောလိုက်ပြီး ဦးမင်းဇင်ဟာ တရုတ်ဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိလို့သာ ဖမ်းဆီးထားတာလို့ ပြောပါတယ်။
“တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးမှုဆိုတာမျိုး မရှိပါဘူး။ မိမိသိရသလောက် အခု ပြောတဲ့ အမေရိကန်နိုင်ငံသား ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးအန္တရာယ်ဖြစ်စေတဲ့ အလုပ်တွေ လုပ်နေတယ်၊ တရုတ်နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်နေတယ်လို့ သံသယရှိထားသူဖြစ်ပါတယ်။ ဒီအမှုကို တရုတ်ဥပဒေအရ တရားရေးရာ အာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်းနေပါတယ်။”
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင် သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားထားပါတယ်။
ISP - Myanmar အဖွဲ့ကတော့ ဒီလို အမေရိကန်အစိုးရက သတ်မှတ်လိုက်တာကို ကြိုဆိုလိုက်ပြီး ဦးမင်းဇင်ပြန်လွှတ်ရေး ထိပ်တန်းဦးစားပေးအဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်ပြီး မကြာခင်ပြုလုပ်မယ့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ နောက်လ တွေ့ဆုံပွဲမှာ ဦးမင်းဇင်ရဲ့အမှုကို ထိပ်တန်းဦးစားပေးကိစ္စအဖြစ် ကြိုးပမ်းပေးဖို့ အမေရိကန်အစိုးရကို ISP-Myanmar က တောင်းဆိုထားပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယူနန်တက္ကသိုလ် ပညာရှင်တစ်ဦးက ဖိတ်ကြားတဲ့အတွက် သွားရောက်စဥ် လေဆိပ်မှာ အဖမ်းခံရတာလို့သိရပါတယ်။
“အစ်ကိုဖြစ်သူဟာ တရုတ် ယူနန် လူမှုသိပ္ပံတက္ကသိုလ်က သူသိကျွမ်းထားတဲ့ ပါမောက္ခတစ်ဦးရဲ့ ဖိတ်ကြားမှုအရ တရုတ်ပြည်ကို သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ် အဆုံးသတ်ရေးမှာ တရုတ်နိုင်ငံဟာ မရှိမဖြစ် အရေးကြီးတဲ့အခန်းက ပါဝင်နေတယ်ဆိုတာကို ယုံကြည်သူတစ်ဦးဖြစ်ကြောင်း၊ ပညာရှင်အချင်းချင်း ညှိနှိုင်းဆွေးနွေး အကြံဥာဏ်ဖလှယ်တာကို တန်ဖိုးထားသူဖြစ်ကြောင်း၊ အခုလို မတရားဖမ်းဆီးထားခံရသူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်တဲ့အပေါ် သမ္မတ ထရန့်နဲ့ ဝန်ကြီး ရူဘီယိုတို့ကို ကျေးဇူးတင်ကြောင်း” မိသားစုဝင်တစ်ဦးဖြစ်တဲ့ ညီ ဦးအောင်မော်ဇင်က CBS သတင်းဌာနကို ပြောပါတယ်။
ဦးမင်းဇင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေက ဧရာဝတီသတင်းဌာနမှာ အယ်ဒီတာ၊ ၂၀၀၃ ကနေ ၂၀၀၈ အထိ လွတ်လပ်တဲ့ အာရှအသံ (RFA) အကြီးတန်းအသံလွှင့်သတင်းထောက် လုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်( ဘာကလေ)မှာ သတင်းစာပညာနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကို တက်ရောက်လေ့လာခဲ့သူဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့(Institute for strategy and policy - Myanmar( ISP Myanmar)ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ပြင်ပဆက် သွယ်ရေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပညာရှင်တွေရဲ့ ပညာရေး လွတ်လပ်ခွင့် (Academic Freedom) ကို လေးစားလိုက်နာပြီး ဖမ်းဆီးထားတဲ့ မြန်မာပညာရှင် ဦးမင်းဇင်ကို အမြန်ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Article 19 အဖွဲ့က ဇွန်လ ၁၉ ရက်နေ့က တောင်းဆိုထားပါတယ်။
