ပညာရှင်တွေရဲ့ ပညာရေးလွတ်လပ်ခွင့်ကို လေးစားလိုက်နာဖို့ တရုတ်ကိုတောင်းဆို

သူလျှိုပုဒ်မတပ်ပြီး ပညာရှင်တွေနဲ့သတင်းစာဆရာတွေကို ဖမ်းဆီး ထောင်ချနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရိုးလုပ်စဥ် အကြောင်းပြချက် တစ်ခုသာဖြစ်။

တရုတ်နိုင်ငံအနေနဲ့ ပညာရှင်တွေရဲ့ ပညာရေး လွတ်လပ်ခွင့် (Academic Freedom) ကို လေးစားလိုက်နာပြီး ဖမ်းဆီးထားတဲ့ မြန်မာပညာရှင် ဦးမင်းဇင်ကို အမြန်ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Article 19 အဖွဲ့က ဇွန်လ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) က ပညာရှင်ဦးမင်းဇင်ကို တရုတ်က ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဟာ သူလျှိုပုဒ်မတပ်ပြီး ပညာရှင်တွေနဲ့ သတင်းစာဆရာတွေကို ဖမ်းဆီး ထောင်ချနေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရိုးလုပ်စဥ် အကြောင်းပြချက် တစ်ခုဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားထားပြီး နောက်ဆက်တွဲအခြေအနေတွေကို ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်တဲ့ ဦးမင်းဇင်ဟာ တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယူနန်တက္ကသိုလ် ပညာရှင်တစ်ဦးက ဖိတ်ကြားတဲ့အတွက် သွားရောက်စဥ် လေဆိပ်မှာ အဖမ်းခံရတာလို့ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန ရေးသားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနကတော့ အခုလို ဖမ်းဆီးထားတာကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးချုပ် ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်း သိမ်းခံ ထားရတယ် ဆိုတာကို သိရှိထားကြောင်း၊ အမေရိကန်နိုင်ငံသားတဦး ဖမ်းဆီးခံရတဲ့အခါတိုင်း ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ဆောင်ရွက်ထားကြောင်း” အမေရိကန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရက အခုလို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ နယူးယောက်တိုင်းစ် (The New York Times) သတင်းစာရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။

Article 19 အဖွဲ့ရဲ့ ကြေညာချက်မှာတော့ အမေရိကန်အစိုးရအနေနဲ့လည်း ဦးမင်းဇင်ရဲ့ ကျန်းမာရေး၊ တရားမျှတစွာ ရင်ဆိုင်ခွင်ရရေးနဲ့ ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ကြိုးပမ်းဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။