ရိုဟင်ဂျာတွေအတွက် တရားမျှတမှု၊ တာဝန်ခံမှုရှိရေး ဗြိတိန်၊ NUG နဲ့ အဖွဲ့ ၇၁ ဖွဲ့ တောင်း

ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအသိုက်အဝန်းတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ တိုက်တွန်း။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ၉ နှစ်ပြည့်ချိန်မှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူ့အခွင့်အရေး၊ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့က ဩဂုတ် ၂၅ ရက်မှာ အသီးသီး တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၉ နှစ်ကြာလာပေမဲ့ ရိုဟင်ဂျာတွေဟာ ဒီနေ့အထိ ဖိနှိပ်ညှဉ်းပန်းမှု၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်အပေါ် ကန့်သတ်မှု၊ အတင်းအကျပ် စစ်သားစုဆောင်းခံရမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအသိုက်အဝန်းတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ တိုက်တွန်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အင်ဒရူး ဂျက်ဆန် (Andrew Jackson) က ပြောပါတယ်။

“စိန်ခေါ်မှုများစွာ ဆက်ရှိနေတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ရိုဟင်ဂျာများနဲ့ အခြား လူနည်းစုအသိုက်အဝန်းများ ဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာနဲကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေဖို့ ကျွန်တော်တို့ အထူးတိုက်တွန်းပါတယ်"

ရိုဟင်ဂျာတွေအတွက် တရားမျှတမှု၊ တာဝန်ခံမှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ အပြည့်အဝ ပါဝင်ခွင့် မရှိဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူအားလုံးအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအပါအဝင် နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

အလားတူ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့ကလည်း ဩဂုတ် ၂၅ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုပါတယ်။

အဲဒီပူးတွဲထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တွေကို ဆက်လက်ကန့်သတ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်လက်ဆိုးရွားနေပြီး နေရပ်ပြန်နိုင်မယ့် အခြေအနေတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်ဘဝနဲ့ ကိုးနှစ်ကြာ နေထိုင်ခဲ့ရပေမဲ့ တရားမျှတမှုနဲ့ နေရပ်ပြန်ခွင့် မရသေးတာကြောင့် နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာအရေးကို မမေ့ဘဲ ဆက်လက်ကူညီပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်မြိုင်က RFA ကို ပြောပါတယ်။

“အခုကတော့ ၉ နှစ်တောင်ပြည့်သွားပြီးပေါ့နော် ကျွန်တော်တို့ ဒုက္ခသည်ဘ၀နဲ့နေရတာ၊ ဒါပေမဲ့ တရားမျှတမှုဆိုတာ လုံး၀မရသေးဘူး။ နေရပ်လည်း ပြန်မရဘူး နိုင်ငံတကာက ကူညီပေးပေမဲ့ ထိရောက်မှုမရှိဘူး။ ထိရောက်မှုမရှိဘူးဆိုတာ နေရပ်ပြန်လို့မရဘူး အဲဒါပဲ ပြောချင်တာပါ။ အဓိကကတော့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးပေါ့နော် ပြီးတော့ ကျွန်တော်တို့ရဲ့ လုံခြုံမှု တရားမျှတမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာပေါ့နော် ဒုက္ခသည်တွေ နေရပ်မပြန်ခင်အထိ ကမ္ဘာကြီးက မမေ့ဖို့ပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဆင်ရေး ၉ နှစ်ပြည့်ချိန်မှာ သူတို့ရဲ့ တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက်ရပ်တည်မယ်လို့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးသလို ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် စိုးရိမ်တယ်လို့ NUG က ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အနည်းဆုံး ရိုဟင်ဂျာ ခုနှစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာခဲ့တဲ့ ရိုဟင်ဂျာ ငါးသိန်းလေးသောင်းကျော်သာ ရှိတယ်လို့ ဩဂုတ် ၁၄ ရက်နေ့က ငြင်းဆိုထားပါတယ်။