ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တစ်နှစ်ကျော်ကြာ စစ်တပ်တပ်စွဲနေတဲ့ မှော်ဝမ်းလေး ကျေးရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်းကို အခုလအတွင်းမှာပဲ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကတည်းက အင်အားထောင်ချီပါတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ မှော်ဝမ်းလေးကျေးရွာအပါဝင် ရွာပေါင်း ခုနစ်ရွာလောက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒီနေ့အထိ တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။
ဒီဩဂုတ်လဆန်းပိုင်းမှာပဲ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို နေအိမ်တွေကို ပြန်လည်နေထိုင်ခိုင်းချိန်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒီရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရုပ်အလောင်းတွေအားလုံးက ဩဂုတ်လ ၆ ရက်ကနေ ဒီနေ့အထိ တွေ့လာတဲ့အရေအတွက်ပါ။ အားလုံးက တစ်နေရာထဲမှာ တွေ့တာမဟုတ်ဘူး။ အိမ်တွေခြံတွေ သန့်ရှင်းရေးလုပ်ရင်း ဟိုမှာတစ်လောင်း ဒီမှာတစ်လောင်းတွေ့ကြတာပါ။ အခု စစ်တပ်ပူးပေါင်းစစ်ကြောင်းတွေက ရွာထဲမှာမရှိတော့ဘူး။ မနေတော့ဘူး။ ရွာအပြင်ဘက်တွေကို ထွက်ပြီးတပ်စွဲနေပြီး အရပ်သားတွေကို နေအိမ်တွေကို ပြန်လာခွင့်ပေးတာ။ အရင်က ဒီနေရာ ဒီအိမ်တွေက စစ်တပ်နေသွားတော့ ဒီရုပ်အလောင်းတွေဟာ သူတို့လက်ချက်နဲ့ သေဆုံးကြသူတွေပေါ့။ သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာတော့ မသိသေးဘူး”
တူးဖော်ရရှိခဲ့တဲ့ ရုပ်အလောင်းတွေဟာ ကျား၊ မ ခွဲခြားလို့မရအောင် ပျက်စီးနေပြီး ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက စနစ်တကျ ပြန်လည် မြှုပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုပ်အလောင်းအများစုမှာ အကောင်းအတိုင်း တွေ့ရတာ မရှိဘဲ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေဖြစ်တဲ့ ဦးခေါင်းခွံကွဲအက်နေတာ၊ လက်ဖျံရိုးကျိုးနေတာ၊ ခြေတစ်ဖက်မရှီတာ စတဲ့ အခြေအနေတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီရုပ်အလောင်းတွေဟာ စစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ပြည်သူတွေ ဖြစ်နိုင်တယ်လို့ KIA ရဲ့ RFA ကို ပြောပါတယ်။
“အဲဒီ ရုပ်အလောင်းတွေက မနှစ်က ၂၀၂၅ မေလကနေ အခုထိပေါ့။ တိုက်ပွဲတွေ ပြင်းထန်တဲ့ အချိန်ကာလလောက်မှာ ပြည်သူလူထုတွေကို သတ်ဖြတ်ပြီးမှ မြှုပ်နှံထားတဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်တာပေါ့။ ဒါကြောင့် ပြည်သူလူထုက ပျောက်သွားတာတွေ အဲလို ပြည်သူတွေရဲ့ ရုပ်အလောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က အဲလို သုံးသပ်ပါတယ်”
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မြို့အဝင်အထွက် လမ်းပိုင်းနဲ့ တပ်စခန်းအများစုကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေကိုလည်း လနဲ့ချီ ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကစပြီး မိုးကောင်း၊ ကာမိုင်း၊ တနိုင်း စတဲ့ မြို့နယ်တွေကနေ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင် အင်အားထောင်နဲ့ချီပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖားကန့်မြို့ကို ပြန်လည်ဝင်ရောက်ပြီးနောက် ဖားကန့်-ကာမိုင်းလမ်းပိုင်းက တပ်စခန်းတချို့နဲ့ မြို့ပေါ် ရပ်ကွက်တချို့ကို ပြန်လည် ထိန်းချုပ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။
ဒီရုပ်အလောင်းတွေနဲ့ပတ်သက်လို့ ပြောဆိုချက်တွေအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက အခုချိန်ထိ တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးသလို ကချင်ပြည်နယ်ရဲ့စစ်တပ်ခန့်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
