၂၀၂၆ သြဂုတ်လ ၂၅ နေ့ဆိုရင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို နယ်မြေ ရှင်းလင်းရေး (Clearance Operation) နဲ့ လူအများအပြား သေဆုံးခဲ့ရတဲ့ စစ်ဆင်ရေး ၉ နှစ်ပြည့်လာခဲ့ပေမယ့် ရိုဟင်ဂျာတွေကတော့ တရားမျှတမှု မရသေးပါဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် (Nicholas Koumjian) က သြဂုတ်လ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က ဒီစစ်ဆင်ရေးကြောင့် လူအများအပြား သေဆုံးခဲ့ရသလို၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိုးအိမ်နဲ့ အသက်မွေး ဝမ်းကြောင်း အလုပ်တွေ အများကြီး ပျက်စီးဆုံးရှုံးခဲ့ပြီး ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပေးခဲ့ရကြောင်း၊ ၉ နှစ်ကြာခဲ့ပေမယ့် အခုအချိန်အထိ အိုးအိမ်မဲ့ဘဝနဲ့ ကိုယ့်အိုး ကိုယ့်အိမ်ကို ပြန်လာခွင့်မရကြသေးကြောင်းလည်း IIMM အကြီးအကဲရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။
“ဒီရာဇဝတ်မှုတွေကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ တရားဥပဒေအရ အရေးယူတာမခံရသေးပါဘူး။ ၂၀၁၇ ကတည်းက ဒီစိတ်ဒဏ်ရာတွေ ခံစားလာရတဲ့ ရိုဟင်ဂျာအများစုက ဒီနေ့ရက်တွေဟာ သူတို့ဘဝရဲ့ အမှောင်ဆုံး န့တွေဖြစ်တယ်လို့ ပြောကြပါတယ်။ အိမ်ပြန်ချင်ပေမယ့် သူတို့အိမ်တွေဟာ စစ်မြေပြင်တွေဖြစ်နေပါတယ်။ သူတို့ အသိုင်းအဝိုင်းဟာ အကြမ်းဖက်မှု၊ အိုးအိမ်မဲ့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေ လုံခြုံမှုကင်းမဲ့တာတွေနဲ့ နှစ်ပေါင်းများစွာ လဲပြိုပျက်စီးခဲ့ကြရတာပါ။”
မြန်မာနိုင်ငံထဲမှာ မထွက်မပြေးဘဲကျန်ခဲ့သူတွေဟာလည်း လုံခြုံရေးအတွက် နေ့စဥ်နဲ့အမျှ ရတက်မအေး ရှိနေရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ ဥပဒေမဲ့သတ်ဖြတ်တာတွေလည်းခံနေရတဲ့ အပြင် တချို့ဆို ပင်လယ်ရေကြောင်းကနေ နိုင်ငံခြားကို အသက်စွန့်ပြေးနေရတယ်လို့လည်း သူက ပြောပါတယ်။ IIMM အဖွဲ့အနေနဲ့ အချက်အလက်နဲ့ သက်သေအထောက်အထားအများအပြားနဲ့ မျက်မြင်သက်သေတွေကို စစ်ဆေးခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေဟာ မြန်မာစစ်အာဏာပိုင်တွေသာမက ဒေသတွင်းက တခြားလက်နက်ကိုင်အဖွဲ့တွေလည်း ပါတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စစ်ဆေးနေရာမှာ IIMM အနေနဲ့ အချက်အလက် အထောက်အထားတွေ ပို့ပေးခဲ့သလို အာဂျင်တီးနားနဲ့ တခြားနိုင်ငံတကာခုံရုံးတွေကို လည်း ပေးပို့ခဲ့ကြောင်း၊ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာမှာ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာ တွေကို တာဝန်ယူမှုရှိအောင် လုပ်ဆောင်ရာမှာ အရေးပါတဲ့ လုပ်ရပ်ဖြစ်မယ်လို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်း နီးပါး ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
