မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
2025.02.14

Updated 6:20 AM Feb 15, 2025
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။
ဒီအမှုမှာ အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဦးတည်စွဲဆိုခဲ့တာဖြစ်တယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က RFA ကို ပြောပါတယ်။
"အခုဖမ်းဝရမ်းက စစ်တပ်က ၂၃ ယောက် အပါအဝင် နောက်ဆုံးမှာတော့ သူတို့က ဒေါ်စုနဲ့ ဦးထင်ကျော်ကို ထည့်ထားတာတွေ့ရတယ်။ ၂၅ ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ BROUK ဖမ်းဝရမ်းအတွက် လျှောက်ထားတဲ့အထဲမှာ စစ်တပ်ကို ဦးတည်ထားပြီးတော့ ဖမ်းဝရမ်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်"
ဒီအမိန့်ကို အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ် (Buenos Aires) တရားရုံးက ချမှတ်ခဲ့တာပါ။ တရားရုံးအနေနဲ့ ဒီဖမ်းဝရမ်းအကြောင်းကြားစာကို ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပ၊ OIC နိုင်ငံတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး ဖမ်းဆီးရေးကိစ္စကို နိုင်ငံတကာရဲတပ်ဖွဲ့က အကောင်အထည်ဖော်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။ အခုလို ဖမ်းဝရမ်းထုတ်တာဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် တရားမျှတမှုတစ်ခု ရရှိခဲ့တာလို့လည်း ဦးထွန်းခင်က ပြောပါတယ်။
"ကျွန်တော်တို့ BROUK ဖမ်းဝရမ်းအတွက် လျှောက်ထားတဲ့အထဲမှာ စစ်တပ်ကို ဦးတည်ထားပြီးတော့ ဖမ်းဝရမ်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်"
BROUK ရဲ့တိုင်ကြားချက်ကို ကိုယ်စားပြုဆောင်ရွက်နေတဲ့ ရှေ့နေ သောမတ်ကင်တားနား (Tomas Quintana) ကို RFA က ဆက်သွယ်မေးမြန်းရာမှာ… ပြစ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အချက်အလက်အသေးစိတ်ကို တရားရုံးက စစ်ဆေးအတည်ပြုပြီးတာနဲ့ တရားခံလွှဲပြောင်းပို့ဆောင်ရေး အနီရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ကို အကြောင်းကြားမယ်လို့ ပြောပါတယ်။
“အဲဒီနောက်မှာ အင်တာပိုက ဒီဖမ်းဝရမ်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှေ့နေ ကင်တားနားက ပြောပါတယ်။
“ဒီဖမ်းဝရမ်းတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး ဖမ်းဆီးအရေးယူရာမှာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းမှာ အလားတူပြစ်မှုကျူးလွန်နေသူတွေအတွက် (အပြစ်ပေးအရေးယူနိုင်ဖို့) အခုအချိန်မှာ အလွန်အရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်” လို့ ကင်တားနားက ပြောပါတယ်။
“လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) ပဲဖြစ်ဖြစ်၊ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ပဲဖြစ်ဖြစ်၊ ခင်ဗျားတိုင်းပြည်မှာ ကျူးလွန်တာပဲ ဖြစ်ဖြစ် ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာ ကျူးလွန်တာပဲဖြစ်ဖြစ် အပြစ်ပေးအရေးယူရပါမယ်။ ဒါဟာ လူသားမျိုးနွယ်ထုတစ်ရပ်လုံးရဲ့ အသိတရားကို ထိခိုက်စေတဲ့ ရာဇ၀တ်မှုပါ” လို့လည်း ကင်တားနားက RFA ကို ပြောပါတယ်။
အခုလို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိ နိုင်ငံခေါင်းဆောင်တစ်ယောက်ကို စော်ကားလိုက်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
"တကယ် လက်တွေ့ အကောင်အထည်ပေါ်လာမလား၊ မလာဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ သူတို့ ဘယ်လောက်ထိ လုပ်နိုင်မလဲပေါ့လေနော်။ တစ်ခုပါပဲ ကိုယ့်နိုင်ငံခေါင်းဆောင်တစ်ယောက်နေနဲ့ စော်ကားခံရမှုမျိုး ဖြစ်သွားတာပေါ့လေ။ ဒါကို နိုင်ငံအနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲပေါ့။ ဆိုလိုတာကတော့ ဂရုမစိုက်ဘဲ ဒီအတိုင်းနေလို့ရတယ်ဆိုရင်လည်း ရမဲ့အနေအထားပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်လိုမျိုး ထုတ်ပြန်ချက်လာမလဲ ဒါတော့ တစ်ချက် စောင့်ကြည့်ရမှာပေါ့နော်"
ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ BROUK အဖွဲ့က တရားလိုလုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အခုလိုတိုင်ကြားရာမှာ ပြစ်မှုကျူးလွန်သူတွေအဖြစ် စုစုပေါင်း ၂၃ ဦး ပါဝင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့လို တာဝန်ရှိတဲ့သူ ထိပ်တန်း စစ်ခေါင်းဆောင်တွေအပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာရွာတစ်ရွာကို တိုက်ခိုက်ခဲ့ရာမှာ အဓမ္မပြုကျင့်တာ၊ သတ်ဖြတ်တာတွေကို တိုက်ရိုက်ကျူးလွန်ခဲ့ကြတဲ့ အဆင့်နိမ့်အရာရှိတွေလည်း ပါဝင်ပါတယ်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာလည်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ခုနစ်ဦးကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်ပေးဖို့ BROUK က အာဂျင်တီးနားတရားရုံးကို လျှောက်ထားခဲ့တာပါ။
ဒီအမှုကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့တော်က ဖက်ဒရယ်တရားရုံးမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ကြားနာခဲ့ပြီး ရိုဟင်ဂျာ မျက်မြင်သက်သေ ခုနစ်ဦးက ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အရေးယူဖို့ အာဂျင်တီးနား အစိုးရရှေ့နေက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တရားရုံးထံ တင်သွင်းလာတဲ့ လျှောက်လွှာထဲမှာတော့ အဲဒီအချိန်က အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အမည်တွေလည်း ပါဝင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ပါဝင်နေတာက အဓိပ္ပာယ်မရှိဘူးလို့ RFA ကို ပြောပါတယ်။
"အဓိပ္ပာယ်မရှိပါဘူး။ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်ထားတယ်ဆိုတဲ့ကိစ္စက ဘာမှ အဓိပ္ပာယ်မရှိတဲ့ကိစ္စဗျ။ ဒါ ခုတ်ရာတခြား ထစ်ရာတခြားပေါ့နော်။ နဂိုကတည်းက သူတို့မှာ သူတို့ရဲ့ အစွဲအလန်းတွေနဲ့ ဖြစ်နေတဲ့ဥစ္စာဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်၊ မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေ အရပ်ရပ်ကို သူတို့ မခြုံငုံမိပါဘူးဗျနော်။ အဲလိုပဲ ပြောချင်ပါတယ်"
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်ကတော့ အာဂျင်တီးနား တရားရုံးက အခုလို ဖမ်းဝရမ်းထုတ်ပြန်လိုက်တာကို ဝမ်းသာကြိုဆိုတယ်လို့ ပြောပါတယ်။
"ပထမအနေနဲ့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့လူမျိုးတွေကို မတရား သတ်ဖြတ်တာ၊ လူမျိုးတုံးသတ်ဖြတ်မှုလုပ်တာ အဲဒီလူတွေကို ဘယ်တော့မှ လွတ်နိုင်မှာမဟုတ်ဘူး။ တစ်စတစ်စ ပေါ်လာမှာ။ အခု အာဂျင်တီးနားကိစ္စ ပေါ်လာတယ်။ နောက်ထပ်မှ ICC ကိစ္စပေါ်လာမယ်။ နောက်ထပ် ICJ ကိစ္စ ပေါ်လာမယ်။ တစ်စတစ်စ ပေါ်လာမှာ။ ကျွန်တော်တို့ ရိုဟင်ဂျာတွေ၊ တခြားတိုင်းရင်းသားတွေ ရက်ရက်စက်စက် သတ်တဲ့သူတွေအတွက် နေရာမရှိလေ။ ကမ္ဘာပေါ်မှာ နေရာကျဉ်းတဲ့ပုံစံ ဖြစ်သွားပြီ"
ဆက်နွှယ်သောသတင်းများ
မြန်မာမှာ နိုင်ငံတကာရာဇဝတ်မှု သက်သေအထောက်အထားတွေ တိုးလာနေ
ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားရှေ့နေ လျှောက်ထား
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာကြောင်း ကုလမှာ IIMM တင်ပြ
ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူးကလည်း အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာက ဖမ်းဆီးနိုင်တဲ့အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"အာဂျင်တီးနားတရားရုံးဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးအသေးလေးမို့လို့ အထင်သေးလို့မရပါဘူး။ ဘယ်အပေါ်မှာမူတည်လဲဆိုတော့ အထူးသဖြင့် အာဆီယံနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက Universal Jurisdiction လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီရင်ခွင့်အာဏာကို ကျင့်သုံးလဲ။ ဥရောပနိုင်ငံတွေမှာတော့ တော်တော်များကျင့်သုံးတယ်။ အာဆီယံမှာတော့ ရှားရှားပါးပါးပဲ။ အဲဒီတော့ အင်ဒိုနီးရှားက ကျင့်သုံးမလား၊ မလေးရှားက ကျင့်သုံးမလား။ ကျင့်သုံးတဲ့နိုင်ငံတွေကို ခရီးထွက်သွားပြီဆိုရင်တော့ မင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ အပေါင်းအပါတွေကို ဖမ်းလို့ရနိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ပဲ ယေဘုယျ ရှင်းပြပါရစေ"
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ အစီရင်ခံစာအရ ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ (Universal Jurisdiction) ကို စုစုပေါင်း ၁၄၇ နိုင်ငံက ခွင့်ပြုလက်ခံထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) ကလည်း ICC တရားရုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။
(မှတ်ချက် - ရှေ့နေ သောမတ်ကင်တားနား၊ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး၊ ရိုဟင်ဂျာလူငယ်များအစည်းအရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်၊ ဥပဒေပညာရှင် ဦးအောင်ထူးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)