မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာကြောင်း ကုလမှာ IIMM တင်ပြ

RFA Burmese
2024.10.29
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာကြောင်း ကုလမှာ IIMM တင်ပြ IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) ကို ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
United Nations

မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေ ပိုတိုးလာပြီး ပိုပြီးရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အထောက်အထားတွေကို စုဆောင်းရရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ကိုင်းက မင်္ဂလာဆောင်တစ်ခုနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။

အသက်အရွယ်နဲ့ ကျား၊ မ (Gander) အစုံကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုချက်တွေကို ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီက စုဆောင်းရရှိထားတယ်လို့လည်း ရေးသားထားပါတယ်။

မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေကိုလည်း ယန္တရားက စုဆောင်းနေကြောင်းနဲ့ ကျူးလွန်မှုတိုင်းအတွက် ဘယ်နိုင်ငံရေးအဖွဲ့အစည်း ဘယ်သူ့ကိုမဆို ကျူးလွန်ပါက တာဝန်အရှိဆုံးသူတွေကို မခွဲခြားဘဲ ဖော်ထုတ်ဖို့ ယန္တရားက လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အပါအဝင် ရာဇ၀တ်မှုတွေအကြောင်း သတင်းပေးပို့ချက်တွေကို လက်ခံရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီအထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ထိခိုက်မှုဒဏ်ကို ပိုခံရပြီး သူတို့ဟာ နှစ်ဘက်တိုက်ခိုက်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသလို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရကာ ရိုဟင်ဂျာသောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရား ရုံးက တရားရေးအာဏာပိုင်တွေဆီကို အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်တွေ မျှဝေဖို့ကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။