ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားရှေ့နေ လျှောက်ထား
2024.06.29

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အရေးယူဖို့ အာဂျင်တီးနားအစိုးရရှေ့နေက ဇွန်လ ၂၈ ရက်နေ့က တရားရုံးထံ တင်သွင်းလာတဲ့ လျှောက်လွှာထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အမည်တွေလည်း ပါဝင်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (Burmese Rohingya Organization UK) က ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဂျင်တီးနားတရားရုံးထံ တင်ပြခဲ့ပြီး နောက်ဆက်တွဲ အစိုးရရှေ့နေက ထပ်မံတင်သွင်းလာတာပါ။
မြန်မာ-ရိုဟင်ဂျာအသင်း ယူကေရဲ့ မူလတင်သွင်းချက်ထဲမှာ စစ်ခေါင်းဆောင်တွေရဲ့ အမည်သာပါဝင်ခဲ့ပြီး အာဂျင်တီးနားအစိုးရရှေ့နေရဲ့ တင်သွင်းချက်မှာတော့ အဲဒီအချိန်က အစိုးရတာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ အမည်ကို ထည့်သွင်းလာတာဖြစ်ပါတယ်။ ဒီစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ နာမည်တွေပါလာပေမဲ့ အရေးယူခံရတဲ့ထဲမှာ သူတို့ပါဝင်လာနိုင်ခြေမရှိဘူးလို့ အသင်းဥက္ကဋ္ဌ ဦးထွန်းခင်က သူ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ သိထားသလောက်က လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနဲ့ တရားရုံးက ထည့်သွင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ကျွန်တော်တို့ဘက်က ဖမ်းဝရမ်းထုတ်ဖို့ စာရင်းထည့်ထားတဲ့ အထဲမှာ ဒေါ်စုနဲ့ သမ္မတ ဦးထင်ကျော် မပါပါဘူးခင်ဗျ။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေပဲ ပါတယ်”
တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာမရှိဘဲ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကိုသာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သက်သေတွေ ရယူခဲ့တာလို့ အသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံတာဝန်ကို ထမ်းဆောင်နေချိန်ဖြစ်ပေမဲ့ ကျူးလွန်မှုတွေကို စစ်တပ်ကသာ လုပ်ဆောင်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီအချိန်ကာလမှာ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ နိုင်ငံ့အုပ်ချုပ်ရေးကို ထမ်းဆောင်နေတဲ့အချိန်ကာလဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ NLD အစိုးရရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ရှိခဲ့သော်လည်း အာဏာအုပ်ချုပ်ရေးအပိုင်းမှာ စစ်တပ်ကပဲ အုပ်ချုပ်မှုကို လွှမ်းမိုးခဲ့တာတွေ့ရတယ်။ တပ်မ ၉၉ တပ်မမှူးတို့ဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဆိုးဆိုဝါးဝါးကျူးလွန်မှုတွေ လုပ်ခဲ့တာကို ကျွန်တော်တို့ ကိုယ်တိုင်တွေ့ခဲ့ရတာရှိပါတယ်”
အခုလို ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းကို ထည့်သွင်းတင်ပြလာတာ မဖြစ်သင့်ဘူးလို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
“၂၀၁၇ မှာ ရခိုင်မှာ ရိုဟင်ဂျာကိစ္စစဖြစ်တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းက ဥပဒေရှုထောင့်ကပဲ ချဉ်းကပ်ပြီးလုပ်ခဲ့တာပါ။ ဒါကြောင့် တရားရုံးမှာ အခုလို အမည်စာရင်းတင်သွင်းတယ်လို့ ကြားရတဲ့အပေါ်မှာ စိတ်မကောင်းပါဘူး။ ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပါ”

အာဂျင်တီးနားအစိုးရရှေ့နေက ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမည်စာရင်းမှာတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်းတပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာဥက္ကဋ္ဌ ဦးအောင်ဆန်းမြတို့ ပါဝင်ပါတယ်။
ဒီနှစ်အတွင်း အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လာနိုင်ပြီး တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်မယ်ဆိုရင် နိုင်ငံတကာရဲအဖွဲ့ချုပ်ကနေ အာဆီယံနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ ဖမ်းဝရမ်းစာရင်း ပေးပို့ခံရပြီး စစ်ခေါင်းဆောင်တွေဟာ ပြည်ပထွက်ခွင့်ရှိမှာမဟုတ်ဘဲ ပြည်တွင်းမှာသာ ပိတ်မိနေမဲ့ အခြေအနေတွေ ကြုံရနိုင်တယ်လို့ လေ့လာသူတွေက တွက်ဆကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက် Holocaust Museum မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆက်စပ်လို့ စစ်ခေါင်းဆောင်တွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ထည့်သွင်းပြသထားပါတယ်။