ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းအားလုံးကို စုံစမ်းမယ်လို့ IIMM ပြော

RFA Burmese
2025.01.20
ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းအားလုံးကို စုံစမ်းမယ်လို့ IIMM ပြော မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေကြသည့် ရိုဟင်ဂျာများအား ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
AFP Photo

ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲချက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စုံစမ်းစစ်ဆေးသွားမယ်လို့ပြောကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် BSS သတင်းက ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ကျူးလွန်တယ်လို့ စွပ်စွဲပြောဆိုမှုတွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို စုံစမ်းသွားမယ်လို့ IIMM ရဲ့ အကြီးအကဲ နီကိုလပ်စ်ကုမ်ဂျန်က ပြောကြားလိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အနေနဲ့ မြန်မာစစ်တပ်၊ AA ဒါမှမဟုတ် ဘယ်လိုအဖွဲ့အစည်းကိုဖြစ်ဖြစ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရှိတယ်လို့ နီကိုလပ်စ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးအကြံပေး Md Touhid Hossain နဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို နီကိုလပ်စ်က အခုလို ပြောကြားခဲ့တာပါ။

သက်သေအထောက်အထားတွေကိုတော့ ခေတ်သစ်နည်းပညာနဲ့ ဆိုရှယ်မီဒီယာ၊ ပြစ်မှုကျူးလွန်ခံရသူတွေကို စုံစမ်းမေးမြန်းတာတွေနဲ့ စုစည်းသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းဝန်းကျင်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။