အာဏာသိမ်းကာလ NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် ၁၃၀ ကျော်သေဆုံး

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦးနဲ့ ပါတီဝင် ၂,၇၄၄ ဦး ဖမ်းဆီးခံခဲ့ရဟုဆို။

အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး အပါအဝင် ပါတီဝင် ၁၃၃ ဦး သေဆုံးခဲ့တယ်လို့ ဩဂုတ် ၂၂ ရက်နေ့မှာ NLD က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦးနဲ့ ပါတီဝင် ၂,၇၄၄ ဦး၊ စုစုပေါင်း ပါတီဝင် ၂၉၀၀ နီးပါး (၂,၈၉၄ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ပြည်သူလူထု ထောက်ခံမှုအများဆုံးရရှိခဲ့တဲ့ NLD ပါတီကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဖိနှိပ်နေတယ်ဆိုတာ ပြသနေတယ်လို့ ပါတီရဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲဟာ အလွဲအမှား အလိမ်အကောက် မရှိခဲ့ပါ။ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုထောက်ခံမှုအများဆုံးရှိတဲ့ NLD ကို ရည်ရွယ်ချက်ရှိရှိ နဲ့ ဖိနှိပ်တာပါ။ ပြည်သူရော နိုင်ငံတော်ကိုပါ ဒုက္ခပေးနေတာပါ”

ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့အထိ NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၆၂ ဦးတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး၊ NLD ပါတီ ရုံးချုပ်ကနေ ရပ်/ကျေးရုံးတွေအထိ ဖျက်ဆီးခံရတာဟာလည်း အကြိမ် ၁၇၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

NLD ပါတီ ထုတ်ပြန်ချက်ရဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက် တစ်စုံတရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ပြန်ပြီးမှတ်ပုံမတင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁,၁၁၇ ခုမှာ မဲဆန္ဒနယ် ၉၂၀ အနိုင်ရခဲ့တယ်လို့ အဲဒီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။