NUG နဲ့အာဆီယံအထူးကိုယ်စားလှယ်တွေ့၊ အဖွဲ့အားလုံးနဲ့တွေ့ဖို့ အာဆီယံ ဖိတ်ခေါ်

အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ၊ သက်ဆိုင်သူအားလုံးပါတဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဆွေးနွေးခဲ့။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုတို့ ဇူလိုင် ၁၃ ရက်က အွန်လိုင်းဗီဒီယိုက တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ၊ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ဆောင်ရွက် နေတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဆွေးနွေးရာမှာ NUG ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့က ကိုယ်စားလှယ်တွေလည်း အတူပါဝင်တယ်လို့ သိရပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်း ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အင်အား စုတွေအပါအဝင် ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ပြီး ဆွေးနွေးစကားပြောနေမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဇူလိုင် ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဒိုမိနစ် ဟာဗေးယား အင်ပါရီယယ် (Dominic Xavier Imperial) က နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဇာ လာဇရို (Theresa Lazaro) လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ပွင့်လင်းပြီး ရိုးသားကြောင်း၊ မြန်မာပြည်အနာဂတ်အတွက် ဘယ်လိုဆွေးနွေးမှုမျိုးမဆို အရေးပါလာမှာဖြစ်ကြောင်း ပြောပါတယ်။

“ဒီလိုတွေ့ဆုံဆွေးနွေးတာတွေကို ဘယ်အဖွဲ့ ဘယ်ဘက်ရယ်လို့မှ သတ်မှတ်ခွဲခြားမထားဘဲ အားလုံးနဲ့ စကားပြောနိုင်ဖို့ အစုအဖွဲ့အားလုံးကို ပွင့်ပွင့်လင်းလင်းဖိတ်ခေါ်ထားပါတယ်”

ဖိလစ်ပိုင်နိုင်ငံဟာ မနီလာမြို့တော်မှာ လာမယ့်အပတ်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်နေပြီး ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးဟာ အဓိကကျတဲ့ အကြောင်းအရာတစ်ခုဖြစ်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ‌ဂေ လာဗရော့ နဲ့ ဂျပန်၊ သြစတေးလျ၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံနဲ့ အလားတူ မြန်မာအရေးမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး မကြာခင်သွားရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံက ဇူလိုင်လ ၁၅ ရက်နေ့က ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မကြာခင်က မြန်မာနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်ရိုက်တွေ့ဆုံတာ အပါအဝင် အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးမြှင့်တင်လာတာကို ကြိုဆိုတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ပြောကြားပါတယ်။

မစ္စတာဆီဟာဆတ်က ၂၀၂၁ အာဏာသိမ်းအပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပထမဆုံး တိုက်ရိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး နေပြည်တော်က စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်င့အရေး တိုးတက်ပြောင်းလဲစေဖို့ အားပေးတိုက်တွန်းနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ပြောပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။