စစ်ကြောင်းထိုးစဥ် နှစ်လအတွင်း မြိုင်နဲ့ပေါက်မှာ လူ ၂၄ ဦး အသတ်ဖြတ်ခံရ

စစ်ကြောင်းနဲ့တိုးမိ၊ ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာလို့ ဒေသခံတွေပြောကြား။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဇွန် နဲ့ ဇူလိုင် နှစ်လအတွင်း လူ ၂၄ ဦး အထိ သတ်ဖြတ်ခံထားရတယ်လို့ အညာမြေအရပ်ဖက်လူ့အဖွဲ့အစည်းက ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာ မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ဝင်ရောက်စဉ် သာစည်ရွာက အမျိုးသားတစ်ဦး၊ နှမ်းဆီကန်ရွာက အမျိုးသားတစ်ဦး၊ မိတ္ထီလာရွာက အမျိုးသားနှစ်ဦး၊ ဝက်ပုတ်ရွာက တစ်ဦး နဲ့ ကုန်းရွာက တစ်ဦး စုစုပေါင်း ၆ ဦး နဲ့ ဇူလိုင်လ ၂ ရက်နေ့မှာတော့ ပေါက်မြို့နယ် ထောက်ရှာပင်ရွာက စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၃ ရက်နေ့မှာ မြိုင်မြို့နယ် ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင့်ရွာတွေက လူ ၅ ဦး နဲ့ ဇူလိုင်လ ၁၈ ရက်နေ့ အတွင်းမှာလည်း ကွန်လပ်၊ ဘောတုံ၊ သံချောင်းရွာတွေက ဒေသခံ ၈ ဦးအထိ သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြိုင်မှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး လေကြောင်းကပါ အပြင်းအထန်တိုက်ခိုက်နေသလို သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုပါ တွေ့ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အလောင်းတွေ ထပ်တွေ့တာ ဟုတ်တယ်ဗျ။ တစ်ချို့က ရှင်းလင်းရေး မလုပ်ရသေးဘူး ပြည်သူတွေ တွေ့သမျှကို တောက်လျှောက် သတ်ထားတာ။ လောလောဆယ် ကျွန်တော်တို့ဆီမှာ Mi-35 စစ်ရဟတ်ယာဥ် တွေနဲ့ စပစ်နေလို့။ တိုက်ပွဲဖြစ်နေလို့နော်။ ကျွန်တော်တို့ အလယ်ကြောမှာ တိုက်ပွဲတွေ ဖြစ်နေလို့ပါ။”

စစ်တပ်က သင်းမကျေးရွာ၊ ကိုင်းရိုးကျေးရွာ နဲ့ သံချောင်းကျေးရွာတွေ မီးရှို့ခဲ့ပြီး လက်ရှိမှာ စစ်ကြောင်းတွေက ရှိနေသလို စစ်ရေးအခြေအနေကလည်း ပြင်းထန်နေတာကြောင့် သတ်ဖြတ်ခံရမှု အခြေအနေတွေက ဒီထက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဇွန်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေ တာကြောင့် ရွာပေါင်း ၂၀ ထက်မနည်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။