သုံးနိုင်ငံအဝေးပြေးစီမံကိန်း လမ်းကြောင်း တလျှောက် မြို့ရွာတွေ စစ်ဘေးသင့်နေ

စီမံကိန်းလမ်းကြောင်းတွေဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းနဲ့ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေ။

စစ်တပ်ခန့်အစိုးရက အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်မယ့် အဝေးပြေးလမ်းစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွေကို ငါးနှစ်အတွင်း အပြီးသတ်အကောင်အထည်ဖော်သွားမယ်လို့ ဇူလိုင် ၉ ရက်မှာ ကြေညာထားပါတယ်။

ဒီစီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ဖို့အတွက် တည်ဆောက်ရေး၊ လုံခြုံရေးနဲ့ ဥပဒေအရထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုအပ်ပြီး၊ လုံခြုံရေးအခြေအနေ ကောင်းလာပြီဆိုရင် တည်ဆောက်ရေးကိုပါ တပြိုင်တည်း ဆောင်ရွက်သွားမယ်လို့ စစ်တပ်ခန့်အစိုးရ သမ္မတက ဇူလိုင် ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အဲဒီစီမံကိန်းလမ်းကြောင်းတွေဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းထဲက ကလေး-တမူးလမ်းပိုင်းနဲ့ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေပြီး၊ ဒီလို ထိုးစစ်တွေ ပြင်းထန်လာတာဟာ စီမံကိန်းရဲ့ မဟာဗျူဟာအရေးပါမှုနဲ့ ဆက်စပ်နေတယ်လို့ ဒေသတွင်း လေ့လာသူတွေက သုံးသပ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အရေးပေါ်ထွက်ပြေးနေကြရပြီး လုံခြုံရေးစိုးရိမ်နေကြတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မဟယ်လင် က ပြောပါတယ်။

“တိုက်ပွဲအနီးနားမှာရှိနေတဲ့ ပြည်သူအများအပြားကတော့ အိန္ဒိယ-မြန်မာနယ်စပ်ကို အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိတယ်။ တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေလည်းရှိတယ်။ စစ်ပွဲဖြစ်နေတဲ့ အချိန်မှာကျတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရယ် သက်ကြီးရွယ်အိုတွေကတော့ စစ်ဘေးရဲ့ သက်ရောက်မှုကို ပိုမိုခံစားနေရတယ်ဆိုတာကို ထောက်ပံ့ရေးသွားလုပ်နေတဲ့အချိန်မှာ ကျမတို့မျက်မြင် တွေ့နေရတဲ့အခြေအနေလည်းဖြစ်ပါတယ်”

ဇွန်လအတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေကြား ကလေး-တမူး လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေက အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းပေါ်မှာရှိတဲ့ မုံရွာ-ယာကြီး-ကလေး၀ လမ်းကြောင်းမှာလည်း မေလကုန်လောက်ကတည်းက စစ်တပ် ထိုးစစ်ကြောင့် ယင်းမာပင်၊ ကနီနဲ့ မင်းကင်းမြို့နယ်တွေက လူပေါင်း သုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်အတွင်း နေအိမ်တွေ မီးရှို့ခံရသလို ထိခိုက်သေဆုံးသူတွေလည်း ရှိတယ်လို့ ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီစစ်ကြောင်းမှာ သေတဲ့ဟာကတော့ လမ်းမှာ သတ်သွားတာပေါ့နော် ဇီးပင်တွင်းမှာက နှစ်ယောက်အသတ်ခံရတယ်။ မင်းမ မှာက စိတ်မနှံ့သူတစ်ယောက်ကို ကြိုးတုပ်ပြီးတော့ သတ်သွားတယ်။ ကပိုင်-သီးကုန်းဘက်ကိုလည်း စစ်ကြောင်းထိုးသေးတယ် အဲဒီဘက်ကလည်း နှစ်ယောက် အသတ်ခံရတယ်။ လေယာဉ်နဲ့ ပစ်လို့ ဒဏ်ရာရတာတွေလည်းရှိတယ်ဗျ”

အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ထိခိုက်သေဆုံးရတာတွေနဲ့ပတ်သက်လို့ စစ်တပ်နဲ့ စစ်တပ်ခန့်အစိုးရကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်တပ်ကတော့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းရေးအတွက် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး ကလေး-တမူး လမ်းကြောင်းကတဆင့် ကလေး၀၊ မုံရွာမြို့တွေကို ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအထိ ကုန်သွယ်နိုင်တဲ့ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ပြီလို့ ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူကတော့ ဒီလမ်းကြောက စီမံကိန်းအတွက် အရေးပါတာကြောင့် စစ်တပ်က နယ်မြေ စိုးမိုးနိုင်ဖို့ ကြိုးစားနေပေမဲ့ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောပါတယ်။

“သေချာတာတော့ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းဟာ သူတို့အတွက် အိန္ဒိယနဲ့ မဟာဗျူဟာကျတဲ့ လမ်းပိုင်းအတွက် စိုးမိုးမှုယူမယ်။ အခုသူတို့ပြောထားတဲ့ အချက်အလက်တွေအားလုံးက သူတို့ထိုင်ထားတဲ့ ရွာတွေမှာတော့ သူတို့စိုးမိုးတာ မှန်ပါတယ်။ ဒါပေမဲ့ လမ်းကြော တစ်ကြောလုံး အလုံးစုံ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလို့ ပြောလို့မရပါဘူး”

မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းဟာ ၁၁၅ မိုင်ရှည်လျားပြီး တောတောင်ထူထပ်တာကြောင့် စစ်တပ်က အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ငါးရက်ကြာသွားရောက်ခဲ့တဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၁,၃၆၀ ကီလိုမီတာ(၈၄၅ မိုင်) ရှည်လျှားတဲ့ ဒီအဝေးပြေးလမ်းဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးမြို့ကနေ မြန်မာပြည်ထဲက ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်တို့ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဖောက်လုပ်မှာဖြစ်ပါတယ်။

ဒီစီမံကိန်းတွေက ဒေသတွင်း ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးအတွက် အရေးပါတယ်လို့ ပြောနေပေမဲ့ လမ်းတလျှောက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက်တော့ လုံခြုံစွာနေထိုင်နိုင်ရေးကသာ အရေးတကြီး လိုအပ်တယ်လို့ KWHRO ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် မဟယ်လင်က ပြောပါတယ်။

“ဒါဟာ တကယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ရဲ့လားဆိုတဲ့ဟာကို ပြန်စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ စစ်ရှောင်ပြည်သူတွေ ဒေသခံပြည်သူတွေရဲ့ ယခုလက်ရှိအခြေအနေမှာ သူတို့အတွက် အရေးကြီးဆုံးက လုံခြုံတဲ့နေရာမှာ နေထိုင်ရဖို့ပဲဖြစ်ပါတယ်”

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းစီမံကိန်းလိုပဲ အရေးပါတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း လမ်းကြောင်းဖြတ်သန်းရာ ချင်းပြည်နယ်တောင်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အရေးပါတဲ့ လမ်းကြောင်းတွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသရွေ့ ဒေသခံတွေ လုံခြုံရေးအပြင် စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ရဖို့ အခက်အခဲတွေ ပိုကြုံလာနိုင်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။