မြိုင်မှာ အရပ်သား ၅၀ ကျော် သေဆုံးပြီး နေအိမ် ၃၇၀ ကျော် မီးရှို့ခံရဟု BNI ထုတ်ပြန်

BNI ဖော်ပြချက်အရ မကွေးတိုင်းထဲမှာ မြိုင်မြို့နယ်က အရပ်သားသေဆုံးမှု အများဆုံး ဖြစ်နေဟုဆို။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ကာလအတွင်း အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၃၇၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ BNI - Myanmar Peace Monitor က ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

“မြိုင်ရေနံမြေက အငြိုးအတေးခံ မြေဇာပင်များနှင့် အညာဒေသ၏ အရေးပါသော စစ်ရေးခွတ်ကွင်း” ဆိုတဲ့ အပတ်စဉ်သုံးသပ်ချက် အမှတ် (၂၀၂) မှာ ဖော်ပြထားတာပါ။

BNI ဖော်ပြချက်အရ မကွေးတိုင်းထဲမှာ မြိုင်မြို့နယ်က အရပ်သားသေဆုံးမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၁၂ ရက်အထိ ခုနစ်လကျော်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ နိုင်ငံတစ်ဝန်း မြို့နယ် ၁၁၇ မြို့နယ်ထဲမှာလည်း မြိုင်မြို့နယ်ဟာ မြဝတီနဲ့ မင်းတပ်ပြီးရင် တတိယမြောက် လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ BNI က ရေးသားထားပါတယ်။

လတ်တလောမှာလည်း အဲဒီရေနံမြေအစပ် နေရာတွေကို စစ်တပ်က လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“ဩဂုတ်လ ၂၄ ရက် ညနေကလည်း မကွေးတပ်က ဖိုက်တာတစ်စီး နဲ့ တံတားဦးတပ် ဖိုက်တာ တစ်စီး၊ နောက်တစ်ခုက ညောင်ဦးလေဆိပ်က လာတဲ့ Mi 35 နှစ်ခေါက်ပေါ့။ အဲဒါတွေနဲ့ ပစ်ကူပေးတယ်။ ဒါပေမဲ့လို့ သူတို့ ရှေ့မတက်နိုင်ပါဘူး။ တိုက်ပွဲထိတွေ့မှုတွေ တောက်လျှောက် ဖြစ်နေတာ။”

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေက ဝဲတူးရေနံမြေအစပ်အထိ ရောက်လာပေမဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရေနံမှော်တွေနဲ့ နီးလာတာသာရှိပြီး မှော်ဧရိယာအတွင်းကိုတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၂၃ ရက်မှာလည်း စစ်တပ်စစ်ကြောင်းက ယာကြီးပြင်ကို ဝင်ရောက်ပြီး စာသင်ကျောင်းဆောင်တွေကို မီးရှို့ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ စာရေးခုံတွေ မီးလောင်ပျက်စီးခဲ့တဲ့အပြင် နေအိမ် ၆၀ ခန့်လည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သီးခြားထုတ်ပြန်တုံ့ပြန်ထားတာကိုတော့ လတ်တလော မတွေ့ရသေးပါဘူး။

တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမြေဒေသကို စစ်တပ်က ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ နှစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။