မန္တလေးမှာ တစ်ပတ်အတွင်း စစ်မှုထမ်းဖို့ လူ ၂၀ ထက်မနည်း ဖမ်းဆီးခံရ

လူအရောင်းအဝယ်ဈေးကွက်တစ်ခုလို သိန်း ၃၀ အထက်ကနေ သိန်း ၁၀၀ ထိ ဖမ်းဆီးငွေတောင်းတာတွေ ရှိနေတယ်ဟုဆို။

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ပတ်အတွင်း လူအယောက် ၂၀ ထက်မနည်း စစ်မှုထမ်းဆောင်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေနဲ့ မန္တလေးအခြေစိုက် မြေပြင်သတင်းအဖွဲ့က RFA ကို ပြောပါတယ်။

လတ်တလောအခြေအနေမှာ စစ်မှုထမ်းဖို့ ဖမ်းနေတာတွေကြောင့် မြို့ပေါ်မှာ လူငယ်တချို့ ပျောက်ဆုံးနေတာတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ စစ်မှုထမ်းပေါ်တာဆွဲမှုတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ မန္တလေးအခြေစိုက် မြေပြင်သတင်းအဖွဲ့ (Voice Of Mandalay) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မန္တလေးမှာ ဗရမ်းပတာကို ဖြစ်နေတာဗျ။ အိမ်ထဲလည်း ဝင်ဆွဲတယ်။ လမ်းမှာတွေ့တဲ့သူလည်း ဆွဲတယ်။ နေ့လယ်နေ့ခင်းကြီးတောင် ဆွဲနေတာဗျ။ နောက်ပြီး လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ သူတွေလည်း သူတို့နဲ့တွေ့ရင် အဆွဲခံရတယ်။”

မဟာအောင်မြေမြို့နယ် ၆၈ လမ်း ၁၀၁ လမ်းမှာ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းအချိန်က အမျိုးသားတစ်ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး သူစီးလာတဲ့ စူပါကပ်အမျိုးအစား ဆိုင်ကယ်က သော့တန်းလန်းနဲ့ ကျန်ခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၇ လမ်း နဲ့ ၈၈ လမ်း ကြားမှာ နယ်ကနေ ဈေးလာဝယ်တဲ့ Light Truck ကားပေါ်က အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးနေတာတွေမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ရပ်ကွက်ထဲက ရာအိမ်မှူးတွေ ပါဝင်ပတ်သက်နေပြီး လူအရောင်းအဝယ်ဈေးကွက်တစ်ခုလို သိန်း ၃၀ အထက်ကနေ သိန်း ၁၀၀ ထိ ဖမ်းဆီးငွေတောင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတံတားပေါ်မှာ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ထိုင်းက ပြန်လာတဲ့ လူငယ် ၁၈ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသလို စစ်ကိုင်းမြို့ပေါ်တွေမှာလည်း စစ်မှုထမ်းလိုအပ်ချက်အတွက် လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

စစ်တပ်က ဩဂုတ်လအတွင်းမှာ ဖွင့်လှစ်မယ့် စစ်မှုထမ်း အမှတ်စဉ် ၂၈ အတွက် လူအင်အား လိုအပ်ချက်ကို ပြည့်မီအောင် နိုင်ငံတစ်ဝန်းမှာ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် လူငယ်တွေနဲ့ မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

စစ်တပ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ကာကွယ်ရေးနဲ့ ပတ်သက်လို့ ခေတ်မီတပ်မတော်ဖြစ်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ရက် (၁၀၀) ပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

အခုလိုစစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတာတွေအပေါ် စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ဖုန်းမဖြေပါဘူး။