မြန်မာရေပိုင်နက်အလွန် ပင်လယ်ပြင်မှာ မကြာသေးခင်ရက်ပိုင်းက ရခိုင်ပြည်နယ်က ထွက်လာတဲ့ လူပေါင်း ၅၀၀ ကျော်တင်လာတဲ့ လှေနှစ်စီး နစ်မြုပ်သွားတယ်ဆိုတဲ့ သတင်းတွေရရှိထားတဲ့အတွက် အထူးစိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွား လာသူများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က ပူးတွဲကြေညာချက်တစ်စောင်ကို ဇူလိုင် ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီလှေနှစ်စီးဟာ ဇွန်လကုန်က ရခိုင်ပြည်နယ်ကနေ ထွက်ခွါလာတာဖြစ်ပြီး ရခိုင်ပြည်နယ်က စစ်ဘေးသင့် ရိုဟင်ဂျာမူဆလင်တွေအများစု ပါဝင်ကြောင်း။ ဒီအထဲက တချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေလာရောက် လိုက်ပါတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်၊။
ပထမလှေတစ်စီးဟာ လူပေါင်း ၂၅၀ ခန့် တင်ဆောင်သွားပြီး ကမ်းခြေကနေ ထွက်အပြီး မကြာမီမှာပဲ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။ ဒုတိယလှေကတော့ လူပေါင်း ၂၈၀ တင်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အလွန်ကမ်းလွန်ပင်လယ်မှာ ဇူလိုင် ၈ ရက်နေ့က နစ်မြုပ်သွားဟန်ရှိတယ်လို့ ဆိုပါတယ်။
ဒီလှေမြုပ်မမြုပ်နဲ့ အရေအတွက် အတိအကျ တရားဝင် စိစစ်အတည်မပြုနိုင်သေးပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုအနေနဲ့ ပင်လယ်ပြင်မှာ များပြားတဲ့ လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးကြမှာကို အထူးစိုးရိမ်မိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလှေနှစ်စီးထွက်ခွါလာတဲ့ ရာသီဥတုဟာ ရေကြောင်းသွားလာရေးအခြေအနေကောင်းတဲ့ ဆောင်းနဲ့နွေရာသီမှာ မဟုတ်ဘဲ မိုးရာသီမှာ ထွက်လာတာမို့ မိုးကြီး၊ ရေကြီး လှိုင်းကြီးပြီး အန္တရာယ်ထူပြောတဲ့ အခါဖြစ်နေတဲ့အတွက် သာမန်အခြေအနေထက် ပိုအန္တရာယ်ရှိနေပါတယ်လို့လည်းဆိုပါတယ်။
တကယ်လို့ ဒုတိယလှေနစ်တာကို အတည်ပြုနိုင်ရင် ဒီအဖြစ်အပျက်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ဒီနှစ်အတွင်း အသက်သေကြေ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ နီးပါးရှိသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းတွေအရမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင်အရေအတွက်ဟာ ၆၅၀၀ ကျော်ရှိခဲ့ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ အသက်ပျောက်ဆုံးရသူအရေအတွက်ဟာ မနှစ်ကတစ်နှစ်ထဲမှာ ၉၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မလေးရှားနိုင်ငံကို ဦးတည်ထွက်ခွါလာတဲ့ လူ ၂၈၀ ဝန်းကျင် တင်ဆောင်လာတဲ့ ရိုဟင်ဂျာလှေတစ်စီး ကပ္ပလီပင်လယ်ပြင်မှာ ဒီနှစ် ဧပြီလ အစောပိုင်းက နစ်မြုပ်ခဲ့ပြီး လူ နှစ်ရာကျော် ပျောက်ဆုံးခဲ့ရပါတယ်။
