ရိုဟင်ဂျာနဲ့ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ပါတဲ့ လှေ ကပ္ပလီပင်လယ်မှာ နစ်မြုပ်

မလေးရှားမှာ အလုပ်အကိုင်လုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်စခန်းတွေကနေ လိုက်ပါလာသူ အများစုဖြစ်နိုင်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါဝင်တဲ့ စုစုပေါင်း လူ ၂၈ဝ ဝန်းကျင် စီးနင်း လိုက်ပါလာတဲ့ ငါးဖမ်းလှေတစ်စီး ကပ္ပလီပင်လယ်ပြင်မှာ ဒီလအစောပိုင်းက နစ်မြုပ်ခဲ့ပြီး လူ နှစ်ရာကျော် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂက ဧပြီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၄ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဆိပ်ကမ်းကနေ မလေးရှားကို ဦးတည်ထွက်လာတဲ့ ဒီလှေဟာ ဧပြီ ၉ ရက်နေ့မှာ ပင်လယ်ထဲမှာ လေပြင်းမိပြီး နစ်မြုပ်သွားတာလို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AFP သတင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BCG) က အမျိုးသမီးတစ်ဦးအပါအဝင် ကိုးဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ အသက်ရှင်ကျန်ခဲ့သူတွေထဲက အသက် ၄၀ အရွယ် ရာဖီကူလ် အစ္စလာမ်ရဲ့ ပြောဆိုချက်အရ လှေဟာ ဆိပ်ကမ်းက ထွက်လာပြီး လေးရက် အကြာမှာ လေပြင်းမိပြီး နစ်မြုပ်သွားတာလို့ သိရပါတယ်။ လှေမြုပ်ချိန်မှာ လှေပေါ်ပါလာတဲ့ ဆီတွေ ဖိတ်စင်မီးလောင်လို့ ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို လူကုန်ကူးသူပွဲစားတွေက မလေးရှားမှာ အလုပ်ရမယ်လို့ ကတိပေးတာကြောင့် အခုလိုထွက်လာတာလို့လည်း AFP သတင်းဌာနကို သူက ပြောပါတယ်။

လှေပေါ်လိုက်ပါလာသူ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်း တွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေ ဖြစ်နိုင်ခြေများတယ်လို့ သတင်းက ရေးပါတယ်။ တက်ခ်နပ်ရဲစခန်းတာဝန်ကျ ရဲအရာရှိကတော့ ဒီဖြစ်စဥ်မှာ တစ်ဦးချင်းအတွက် တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့ စုံစမ်းဖော်ထုတ်နေတယ်လို့ AFP ကို‌ ပြောပါတယ်။

ဒီလိုဖြစ်စဥ်မျိုးမှာ လူကုန်ကူးသူ ပွဲစားတွေ ဒုက္ခသည်စခန်းမှာ လွတ်လပ်စွာ လှုပ်ရှားစည်းရုံးခွင့် ရနေတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ တင်းတင်းကျပ်ကျပ် အရေးယူ သင့်တယ်လို့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ရိုနေဆန်းလွင်က ပြောပါတယ်။

“ဒီလိုလူတွေ စက်လှေနဲ့ထွက်ကြတာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိပြီ။ လူတွေက စခန်းထဲမှာ မျှော်လင့်ချက်မဲ့နေကြတယ်။ အဲဒီချိန်မှာ လူကုန်ကူးသူတွေက သူတို့ကို မလေးရှားသွားရင် အလုပ်အကိုင် ကောင်းကောင်းရမယ် ဒီ့ထက်ကောင်းကောင်းမွန်မွန်နေရမယ်လို့ စည်းရုံးတာ။ အာဏာပိုင်တွေ ကတော့ ဒါတွေကို အမြဲထိန်းကျောင်းနေတယ်၊ ဒါတွေမဖြစ်အောင် ကာကွယ်နေတယ်လို့တော့ ပြောနေတယ်။ ကျွန်တော်တို့သိတာကတော့ လူကုန်ကူးသူတွေ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ဖို့ ဒီလောက်လူပေါင်း ရာနဲ့ချီပြီး စည်းရုံးလို့ရတာပေါ့နော်”

နိုင်ငံတကာရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်က ဒုက္ခသည် ၆၅၀၀ ကျော်ဟာ အန္တရာယ်များတဲ့ ရေကြောင်းကို အသုံးပြုခဲ့ကြရာမှာ အဲဒီထဲက လူပေါင်း ၈၉၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။