ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်နဲ့ လန်ပန်းခရိုင်တွေမှာ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက် နှစ်ရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားအယောက် ၄၀ ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေနဲ့ ဒေသအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်က မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး၊ စက်တင်ဘာ ၂၀ ရက်မှာတော့ လန်ပန်းခရိုင်က ဖျော်ဖြေရေးဆိုင်တစ်ခုကို အာဏာပိုင်တွေ စစ်ဆေးရာကနေ နောက်ထပ် ၃၄ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
မဲ့စရီးယန်းမြို့နယ်၊ ဘန်ကတ်အုပ်စု၊ ဖမော်ရွာမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ခြောက်ဦးနဲ့ သူတို့ကို နေထိုင်ခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေအပြင် မယ်ဟောင်ဆောင်ခရိုင်၊ ဆော့မိုင်မြို့နယ်က မယ်လမလွမ်နဲ့ မယ်လအွန် ယာယီခိုလှုံရေးစခန်းတွေကနေ ထွက်ခွာလာသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ထပ် မြန်မာ ၃၄ ဦးကိုတော့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက လန်ပန်းခရိုင်မှာ ဖျော်ဖြေရေးဆိုင်တစ်ခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ အထောက်အထားမပြနိုင်လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းခရိုင်ထဲမှာရှိတဲ့ အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေဖျော်ဖြေရေးဆိုင်တွေကို စစ်ဆေးတာ၊ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား ၃၄ ဦး။ အမျိုးသား ၂၆ဦးနဲ့ အမျိုးသမီး ၈ဦး ဘာဆို ဘာမှ အထောက် အထား မရှိတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဆိုင်ရှင်တွေကိုလည်း အထောက်အထားမဲ့လုပ်သားတွေကို လက်ခံထားမှုနဲ့ ဖမ်းလိုက်တယ်ပေါ့လေ။ အဲဒီတော့ ဒီ ၂ရက်အတွင်း မြန်မာ ၄၀ ဖမ်းဆီးခံရတာပေါ့ “
ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီနိုင်ငံခြားသား ၃၄ ဦးကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဆီ လွှဲပြောင်းပြီး ပြည်နှင်ရေးလုပ်ငန်းစဉ် ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ဆိုင်ဟာ သတ်မှတ်ချိန်ကျော်လွန် ဖွင့်လှစ်ထားတာနဲ့ အသက် ၂၀ မပြည့်သေးသူတွေကို ဝင်ရောက်ခွင့်ပြုထားတာကြောင့် ငါးနှစ်ပိတ်သိမ်းဖို့ ခရိုင်အုပ်ချုပ်ရေးမှူးထံ အဆိုပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးရာမှာ လုပ်ငန်းစဉ် ပိုမြန်ဆန်စေမယ့် စည်းမျဉ်းသစ်တစ်ရပ် ဩဂုတ် ၂၈ ရက်ကစပြီး အသက်ဝင်လာပါတယ်။ အဲဒီစည်းမျဉ်းသစ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုတွေပါ အကျုံးဝင်ပါတယ်။
ဒီစည်းမျဉ်း အသက်ဝင်လာပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက နိုင်ငံခြားသားတွေအပေါ် စစ်ဆေးဖမ်းဆီးတာတွေ ပိုတင်းကျပ်လာတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
