ထိုင်းနိုင်ငံရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ် ရွှေ့ပြောင်းမြန်မာတွေစိုးရိမ်

စည်းမျဉ်းသစ်ကို တင်းတင်းကျပ်ကျပ်အကောင်အထည်ဖော်လာရင် ထိုင်းအလုပ်ရှင်တွေအနေနဲ့လည်း လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်။

ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့်စည်းမျဥ်းသစ်ဟာ ပိုတင်းကျပ်ထားပြီး သြဂုတ်လ ၂၈ ရက်နေ့က စလို့အသက်ဝင်ခဲ့ပါတယ်။ ဒီစည်းမျဥ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာတွေဖြစ်လာတယ်လို့ ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်တဲ့သူတွေနဲ့ အလုပ်သမားတွေက RFA ကိုပြောပါတယ်။

ဒီပြည်နှင်ဒဏ်စည်းမျဉ်းသစ်ဟာရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအပေါ်မှာ ရက်စက်ရာရောက်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ယောက် RFA ကိုပြောပါတယ်။

“ဒီစည်းမျဉ်းသစ်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အရမ်းကိုရက်စက်ရာရောက်တယ်လို့ ထင်ပါတယ်။ ဗီဇာ၊ work permit၊ passport စာရွက်စာတမ်းနဲ့ ပတ်သက်ပြီးတော့ ဒီအလုပ်ရှင်တွေဘက်က လည်း တချို့အလုပ်ရှင်တွေက ပူးပေါင်းမပေးတာတွေရှိတယ်ပေါ့နော်။ ပြီးတော့ကျတော့ ဒီလိုမျိုးစာရွက် စာတမ်းမရှိဘူး၊ မပြည့်စုံဘူးဆိုရင် တခြား အလုပ်ပြောင်းဖို့ကလည်းမလွယ်၊ ပြောင်းရင်လည်း တရားဝင်မဖြစ် အဲဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုးအခက်အခဲတွေ အများကြီးကြုံနေရပါတယ်”

ဒီစည်းမျဥ်းမှာအရေးယူခံရနိုင်တဲ့အခြေအနေ ၆ မျိုးသတ်မှတ်ထားပါတယ်။ ဘယ်နိုင်ငံခြား သားမဆိုထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတာ၊ အလုပ်သမားဥပဒေနဲ့မညီပဲ အလုပ်လုပ်တာ၊နိုင်ငံခြားသားတွေအတွက်သတ်မှတ် ထားတဲ့ စီးပွားရေးဥပဒေနဲ့မကိုက်ညီတဲ့လုပ်ငန်းလုပ်တာ၊ အစိုးရနဲ့ဆိုင်တဲ့ စာရွက် စာတမ်း အတုလုပ်တာ၊ထောင်ငါးနှစ်ကျနိုင်တဲ့ပြစ်မှုကျူးလွန်တာနဲ့ ဒီပြစ်မှုတွေအားလုံးထဲက တစ်ခုခုကိုကျူးလွန်တဲ့သူပဲဖြစ်ဖြစ် အားပေးကူညီတဲ့သူပဲဖြစ်ဖြစ် ပြည်နှင်ဒဏ်စည်းမျဥ်းနဲ့ညိစွန်းတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ထုတ်ပြန်တာဖြစ်ပါတယ်။

ဒါပေမဲ့ စည်းမျဉ်းသစ်အရ အလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်းမပြည့်စုံတာနဲ့ ချက်ချင်းဖမ်းပြီး နိုင်ငံပြန်ပို့တာမျိုးမဟုတ်ဘဲ တရားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း စုံစမ်းစစ်ဆေးပြီးမှသာ တရားရုံးကဆုံးဖြတ်မယ့်အခြေအနေလို့ ဥပဒေရေးရာအကြံပေး မနွဲ့ဒါလီဇော် က RFA ကို ပြောပါတယ်။

“ပြည်နှင်ဒဏ်မခံရခင် နိုင်ငံခြားသားတစ်ဦးမှာ ဘယ်လိုတရားရေးအခွင့်အရေးရှိလဲဆိုလို့ရှိရင်တော့ တရားရုံးမှာ ကိုယ်ကဒီလိုအခြေအနေတွေရှိတယ်၊ ဒီလို ပြဿနာတွေရှိခဲ့လို့မရတာပါ။ ဥပမာ ထားပါတော့ ဒီဘတ်ရိုက်တာတို့ ဘာတို့ဆိုလို့ရှိရင် အစိုးရကချပေးတဲ့အချိန်နောက်ကျဖြစ်တာကြောင့်မို့လို့ မရတာတွေ၊ အဲဒီလိုရှိခဲ့တာကြောင့် မလုပ်ရသေးတဲ့ အခြေအနေတွေဆိုလို့ရှိရင် တရားရုံးမှာဖြေရှင်းလို့ရပါတယ်။ ဆိုတော့ ပြည်နှင်ဒဏ်က တိုက်ရိုက်ဖမ်းတာနဲ့ တန်းပို့မယ်ဆိုတဲ့ပုံစံတော့မဟုတ်ဘူး”

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထဲမှာ ရွှေ့ပြောင်းလုပ်သားတွေအပြင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေ အနေကြောင့် ထွက်ပြေးလာတဲ့သူတွေ၊စစ်မှုထမ်းဥပဒေကြောင့်ရှောင်တိမ်းလာတဲ့ လူငယ်ကျောင်းသားတွေနဲ့စစ်ဘေးရှောင်လာသူတွေလည်း ရှိနေပါတယ်။

ဒါကြောင့်အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကို ပြန်ပို့မယ်ဆိုရင်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက်ထိုင်းအစိုးရက ထည့်သွင်းစဥ်းစားထားတာတွေ့ရတယ်လို့ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းအလုပ် သမားတွေရဲ့ ကလေးတွေ အတွက်တည်ထောင်ထားတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးရေးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က RFA ကိုပြောပါတယ်။

“ပြည်တွင်းစစ်ထဲမှာ တိမ်းရှောင်တဲ့လူတွေလည်း အများကြီးရှိတယ်။ အဲဒါကို တကယ်လို့ ပြန်ပို့မယ်ဆိုလို့ ရှိရင်တော့ ထိုင်းအစိုးရကလည်း ပြန်ပြီးတော့ ရှင်းပြထားတာရှိပါတယ်။ တကယ်လို့ မိခင်နိုင်ငံကို ပြန်ပို့လို့ အခက်အခဲရှိနိုင်တဲ့လူတွေ ဒါ စနစ်တကျတင်ပြပြီးတော့ နော်၊ ဒါ တတိယနိုင်ငံတစ်ခုခုမှာ တာဝန်ယူပြီးတော့ အဲဒါ သွားပြီးတော့ နိုင်ငံရေးခိုလှုံခွင့်ရနိုင်တယ်ဆိုတဲ့ အခြေအနေတွေတော့ရှိပါတယ်“

ထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်လက်မှတ်ရှိထားတဲ့ နိုင်ငံခြားသားတွေဟာ သတ်မှတ်ပေးထားတဲ့အလုပ်အမျိုး အစားကိုပဲလုပ်ရမှာဖြစ်ပြီး၊ သတ်မှတ်ထားတာနဲ့မဟုတ်ပဲ လုပ်နေရင် ဒီစည်းမျဥ်းနဲ့ညိစွန်းနေပါတယ်။ ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဒီအခြေအနေမှာ အလုပ်ရှင်တွေကလည်း အလုပ်အမျိုးအစားပြောင်းဖို့အတွက်မကူညီတာတွေလည်းရင်ဆိုင်နေကြရပါတယ်။ ဥပမာ လယ်လုပ်သားအဖြစ်ခွင့်ပြုချက်ရထားတဲ့သူက စားသောက်ဆိုင်တွေ၊ စျေးတွေမှာလုပ်တယ်ဆိုရင် ညိစွန်းနေတာပါ။

တစ်ဖက်မှာလည်းသန်းနဲ့ချီတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာလိုအပ်နေတဲ့ အောက်ခြေသိမ်းအလုပ်တွေမှာဖြည့်ဆည်းပေးနေတဲ့သူတွေဖြစ်တာကြောင့်စည်းမျဉ်းသစ်ကို တင်းတင်းကျပ်ကျပ်အကောင်အထည်ဖော်လာရင် ထိုင်းအလုပ်ရှင်တွေအနေနဲ့လည်း လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက သုံးသပ်ထားပါတယ်။