အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မှာ လုံခြုံရေးတိုးမြှင့် ကျင်းပခဲ့

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရခဲ့ဘဲ အစ်ကို ဦးအောင်ဆန်းဦးနဲ့ ဗိုလ်ချုပ်ရဲ့အစ်ကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်း တက်ရောက်ခဲ့။

၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက်နေ့က လုံခြုံရေးတိုးမြှင့် ကျင်းပခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပေမဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုတော့ တက်ရောက်ခွင့်မပေးခဲ့ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းမိသားစု ကိုယ်စားပြုအနေနဲ့ ဗိုလ်ချုပ်ရဲ့အစ်ကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦး တက်ရောက်လာတာ တွေ့ရပါတယ်။

အခမ်းအနားကို စစ်တပ်ရဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ စစ်တပ်ခန့်အစိုးရ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေနဲ့ အသစ်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့လည်း တက်ရောက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်ပိတ်ပင်ခံရတာ ခြောက်နှစ်ရှိနေပါပြီ။

အရင်နဝတစစ်အစိုးရ လက်ထက်တွေမှာတော့ အာဇာနည်နေ့အခမ်းအနားတွေကို နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လူကိုယ်တိုင် တက်ရောက်ခွင့်ရခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေရာအတိအကျဖော်ပြမထားတဲ့ နေအိမ်တစ်ခုမှာ ချုပ်နှောင်ထားပြီး ပြင်ပကမ္ဘာနဲ့ ဆက်အသွယ်ဖြတ်ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေးဖြစ်သူ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းတို့ ပါဝင်တဲ့ အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့က အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

ကင်မ်အဲရစ်က အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်အာဏာရှင်တွေက ဖြိုချဖျက်ဆီးနေပေမဲ့ မြန်မာပြည်သူတွေရဲ့ လေးစားမှုနဲ့ ကြည်ညိုမှုကိုတော့ ဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိတယ်ဆိုတာ လက်တွေ့ပြသဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အာဏာသိမ်း စစ်အုပ်စုဟာ အမျိုးသားရေး လက္ခဏာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို ဖျက်ဆီးဖျောက်ဖျက်နေသလို ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပြည်သူလူထုနဲ့ မြင်ကွင်းကနေ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ထားတယ်လို့ အာဇာနည်နေ့အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုပါတယ်။

“အခုဆိုရင် အကြမ်းဖက် စစ်အုပ်စုဟာ အမျိုးသားရေးသွင်ပြင်လက္ခဏာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကိုဖြိုချဖျက်ဆီးနေပြီး သမိုင်းကြောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အလားတူ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထုရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ထားတာကြောင့် သူမရဲ့ ကျန်းမာရေးအပေါ် အလွန်စိုးရိမ်စရာကောင်းလှပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့လိုပါတယ်”

အာဇာနည်နေ့မှာ နိုင်ငံတဝန်း ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကလည်း အောက်မေ့ဖွယ်အခမ်းအနားတွေကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ ရန်ကုန်မြို့ အာဇာနည်နေ့အခမ်းအနားကို လုံခြုံရေးတင်းကျပ်ထားတဲ့အပြင် အာဇာနည်ဗိမာန်အနီး ဗဟန်း၊ စမ်းချောင်းနဲ့ အလုံမြို့နယ်အပါအဝင် နေရာတချို့မှာ ဖုန်းလိုင်းတွေ ယာယီဖြတ်တောက်ခံခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။