ပုဂံ-ညောင်ဦးဒေသခံတွေ ပြောပြချက်အရ ပုဂံမြို့သစ်နဲ့ ညောင်ဦးမြို့ပေါ်က ရပ်ကွက်တွေ အပါအဝင် သာယာဝတီ၊ ကုလားကုန်း၊ သီရိမင်္ဂလာ စတဲ့ ရပ်ကွက်တွေမှာ အဓမ္မဖမ်းဆီးတာတွေ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ခန့်မှန်းချက်အရ ဇွန်လနဲ့ ဇူလိုင် နှစ်လအတွင်းမှာပဲ လူ ၁ဝဝ ထက်မနည်း အဖမ်းခံခဲ့ရပြီး အများစုက အခြေခံလူတန်းစား လက်လုပ်လက်စားနဲ့ နွမ်းပါးသူတွေ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွေထဲနဲ့ နေအိမ်တွေထဲအထိပါ အဓမ္မဝင်ရောက်ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ဦး ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဘယ်လိုလဲဆိုတော့ အိမ်ရှေ့မှာ ထိုင်နေတဲ့သူလည်း ဆွဲတယ်။ နာရေးပို့တဲ့ အထဲက ယောက်ျားလေးတွေကိုလည်း ဆွဲတယ်။ မြို့ထဲက အိမ်တစ်အိမ်မှာ ဆိုရင်လည်း အဲဒီမှာ မိလ္လာလုပ်နေတဲ့ သူတွေကိုလည်း ပေါ်တင်ဆွဲသွားတယ်။ ပြီးရင် ပန်းရံလုပ်သူတွေလည်း ဆွဲတယ်။ အလုပ်ခွင်မှာ ဝင်ဆွဲတာဆို ပန်းရံ၊ မိလ္လာသမားတွေ ဆွဲတယ်။ ညောင်ဦးကနေ ပခုက္ကူအထွက် ဘီအိုစီ ဆီဆိုင်မှာ ဆီသွားထည့်သူတွေကိုလည်း ဆွဲတယ်။ အဲဒါလည်း ကျွန်တော်အသိထဲကပဲ ပါသွားတာ”
ဒီလိုဖမ်းဆီးနေတာတွေကြောင့် လူငယ်တွေ အလုပ်ထွက်မလုပ်ရဲကြသလို ကိုယ့်အိမ်တွေမှာတောင် မအိပ်ရဲတဲ့အထိ ဖြစ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်တွေထဲပါ လိုက်ဆွဲတဲ့ အခါကျတော့ အလုပ်သွားတဲ့ လူတွေကလည်း မလုံခြုံတဲ့ အခါကျတော့ အလုပ်တွေလည်း သိပ်မသွားရဲ ကိုယ့်အိမ်မှာလည်း မအိပ်ရဲ။ ဟိုနေ့ကဆိုရင် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ နေ့ခင်းကြောင်တောင် လိုက်ဆွဲနေတော့ တချို့ကလေးတွေ ကိုယ့်အိမ်မှာ မနေရဲဘူး။ သူများအိမ် လှည့်ပတ်ပြီး သွားနေရတာပေါ့။ လမ်းဆုံတွေမှာလည်း လိုက်ဆွဲနေတာလေ။ လမ်းဆုံတွေကျတော့လည်း အလုပ်သွားတို့ အလုပ်ပြန်တို့ကို ဆွဲတဲ့အခါကျတော့ အခုဆို အလုပ်ကို ယောက်ျားလေးတွေက သိပ်မသွားရဲ ဖြစ်နေတာ”
အရင်က အမျိုးသားတွေသာ လုပ်လေ့ရှိတဲ့ ရေသန့်ဘူးထမ်းပို့တဲ့အလုပ်တွေကို အခုဆို အမျိုးသမီးတွေ လုပ်နေရတဲ့အထိဖြစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီလိုဖမ်းဆီးနေသူတွေဟာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ဟာ Alphard အမျိုးအစား အရပ်သားကားတွေကို အသုံးပြုနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဖမ်းခံရသူတွေကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တစ်ညပဲ ထားပြီး နောက်တစ်နေ့မှာ ကျောက်ပန်းတောင်းမြို့ကနေတဆင့် မိတ္ထီလာမြို့ကို ပို့ဆောင်ကာ သက်ဆိုင်ရာ စစ်သင်တန်းကျောင်းတွေကို ပို့တာလို့လည်း ပြောကြပါတယ်။
ဖမ်းခံရသူတွေထဲက ငွေပေးနိုင်သူဆိုရင် ပြန်လွှတ်ပေးလေ့ရှိပြီး မပေးတဲ့သူတွေကတော့ စစ်မှုထမ်းဖို့ သင်တန်းကျောင်းတွေကို အပို့ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ညောင်ဦးဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျွန်တော် သိရသလောက်ဆို သိန်း ၂၀၀ ကနေ သိန်း ၄၀၀ အထိ တောင်းတယ်။ အဲလိုပေးပြီး လွတ်လာတယ်ပေါ့နော်။ အခု နောက်ပိုင်းရက်တွေမှာ တစ်ရက်ကို လူ သုံးယောက် ကနေ အယောက် ၂၀ လောက်အထိ ဆွဲတယ်ဗျ။ တချို့ ရက်တွေဆို အုပ်စုလိုက်ဆွဲတယ်။ အုပ်စုလိုက် ပါသွားတာမျိုးတွေ ရှိတယ်။ အနည်းဆုံးတော့ ဒီလပိုင်း အတွင်း ဆိုရင်တော့ ရာဂဏန်းတော့ ရှိတယ်ဗျ။”
စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံတာတွေ ရှိရင် တိုင်ကြားနိုင်တယ်လို့ စစ်တပ်က ကြေညာထားပေမဲ့ ဒေသခံတွေကတော့ လက်တွေ့မှာ မတိုင်ရဲကြသလို ငွေတောင်းတာတွေကလည်း ဆက်ရှိနေဆဲပဲလို့ ညောင်ဦးဒေသခံတွေက ပြောပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ အမှီပြုရပ်တည်ကြတဲ့ ပုဂံ - ညောင်ဦးမြို့မှာ အခုလိုအဓမ္မ ဖမ်းဆီးနေတာတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး လာရောက်လည်ပတ်သူတွေ မရှိသလောက်ဖြစ်နေပြီလို့ အဲဒီဒေသမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဧည့်ကတော့ တော်တော်ပါးသွားတာပေါ့။ ကျွန်တော်တို့ ပုဂံညောင်ဦးက ဧည့်နဲ့ လုပ်ကိုင်စားသောက် နေတာဆိုတော့ ဧည့်ပါးသွားတော့ စီးပွားရေးအခြေအနေက တော်တော်လေးကြပ်နေတာပေါ့နော်။ ပုဂံ-ညောင်ဦးရယ်၊ မြင်းကပါရယ်၊ ဝက်ကြီးအင်းရယ် ကျွန်တော် ဒီနယ်မြေတွေက ဧည့်နဲ့ လုပ်ကိုင်စားတာလေ။ ဧည့်သည်တွေကလည်း မလာကြတော့ဘူး”
အခုဆိုရင် ညောင်ဦးမြို့ပေါ်မှာ မနက်ပိုင်းလောက်ပဲ လူအသွားအလာ ရှိပြီး ကျန်တဲ့အချိန်တွေမှာ မြို့က ခြောက်ကပ်နေပြီလို့လည်း ဆိုပါတယ်။
စစ်တပ်ခန့် အစိုးရရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အခါ ရှောင်တိမ်းသူတွေ များနေတာကြောင့် မြို့ဝင် မြို့ထွက်ဂိတ်တွေနဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေရကြောင်း ဇူလိုင် ၂၂ ရက်နေ့က စစ်တပ်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ပုဂံ-ညောင်ဦးဒေသအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသမှာ စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးနေတာတွေကြောင့် လူငယ်တွေရဲ့ နေ့စဉ်ဘဝနဲ့ ဒေသစီးပွားရေးနှစ်ခုလုံး ထိခိုက်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
