စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ်မှာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရဟန်းတစ်ပါး အပါအဝင် သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဩဂုတ်လ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ ဧရာ၀တီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စုကို လုံခြုံရေးယူပေးတဲ့ Y-12 လေယာဉ်က ဧရာ၀တီမြစ်ဘေးမှာရှိတဲ့ ကမ်းဖြူရွာ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကို ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲတစ်နေရာကို ဗုံးသီးနှစ်လုံး ကြဲချခဲ့ချိန် အသက် ၄၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ အမျိုးသားတစ်ဦး ဗုံးစထိမှန် သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဝက်လက်မြို့နယ်ထဲမှာ သင်္ဘောတွေ ဆန်တက်နေတဲ့အချိန်ပေါ့ဗျာ Y-12 နဲ့ နှစ်ကြိမ်ဗုံးသီးချတာဗျ။ သင်္ဘောတွေလာရင် လေကြောင်းပါလာတတ်လို့ ရွာထဲမှာ မနေဘဲ ဘုန်းကြီးကျောင်းမှာ တချို့က သွားရှောင်နေကြတာ အဲဒီဘုန်းကြီးကျောင်းကိုပါ ချတာဗျ။ နောက်ပြီး ရွာထဲကိုချတဲ့အချိန်မှာ တိမ်းရှောင်နေရာကနေ သူ့အိမ်ကို ပစ္စည်းပြန်ယူတဲ့ ပြည်သူတစ်ဦး ဗုံးစထိပြီး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ဆုံးတယ်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အအုံနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ သူက ပြောပါတယ်။
အလားတူ ကန့်ဘလူမြို့နယ်မှာလည်း ရင်ငတ်ကုန်းရွာ အပါအဝင် ရင်ငတ်ကုန်းရွာနဲ့ သပြေသာရွာကြားက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ တောရဘုန်းကြီးကျောင်းကိုပါ ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် သံဃာတစ်ပါးနဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေပိုင်းကြီး ၄ နာရီ ကျော်ကျော်လောက်ကျမှာပေါ့ ဖိုက်တာ နှစ်စီးနဲ့ ပစ်သွားတာ လူတစ်ယောက်နဲ့ ဘုန်းကြီးတစ်ပါး စုစုပေါင်းနှစ်ယောက် သေသွားတာပေါ့။ ကျောင်းသားတစ်ယောက်ကတော့ ပေါင်ကျိုးသွားတယ်။ အဲဒီမှာ ကယ်ဆယ်ရေးတွေလုပ်ကြတော့ ဒရုန်းနဲ့ပါ ထပ်ချသေးတယ်။ ဒရုန်းချတော့ အထိအခိုက်မရှိဘူး။ လောလောဆယ် ပြည်သူတချို့ကတော့ လေကြောင်းရန်ကြောက်လို့ ရှောင်နေကြတာပဲ”
ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိခဲ့ပါတယ်။
