မြန်မာနိုင်ငံအထက်ပိုင်းအပါအဝင် ဒေသတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ခြောက်သိန်းကျော်(၆၁၉,၇၆၈ ဦး) ရေဘေးသင့်နေပြီး အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့သလို နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မိုးရက်ဆက်ရွာနေတာနဲ့ ဆည်တမံ၊ ရေလှောင်ကန်တွေက ရေလွှတ်ချတာတွေကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းအပါအဝင် ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ရတာလို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်းမှာ ရေဘေးအထိနာဆုံးမြို့ဖြစ်တယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ငါးသိုင်းချောင်းမြို့ထဲကို ရေအလုံးအရင်းနဲ့ ဝင်လာတာ အခုအချိန်အထိ ရေမကျသေးဘူး။ မြို့က လူဦးရေနဲ့ အိမ်ခြေများတော့ ရေဘေးသင့်တဲ့သူလည်း များတယ်။ မြို့ခံတွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး တတ်နိုင်သလောက် ကူညီနေကြပေမယ့် လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ အဓိက သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အပြင်က အလှူရှင်တွေနဲ့ ကူညီရေးအဖွဲ့တွေ လာရောက်ဖို့လည်း ခက်ခဲနေပါတယ်”
ရေဘေးသင့်ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဟာ ထိခိုက်မှုအများဆုံးဖြစ်ပြီး လူဦးရေ နှစ်သိန်းခြောက်သောင်းကျော်(၂၆၇,၂၆၃ ဦး) ရေဘေးဒဏ်ခံနေရကာ သေဆုံးသူ ၂၄ ဦးနဲ့ ပျောက်ဆုံးသူ နှစ်ဦး ရှိတယ်လို့ NUG စာရင်းမှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းမှာ လူဦးရေ နှစ်သိန်းနီးပါး(၁၉၀,၈၅၈ ဦး) နဲ့ ဧရာဝတီတိုင်းမှာ တစ်သိန်းခွဲကျော် (၁၅၈,၅၈၉ ဦး) ရေဘေးဒဏ်ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ လူဦးရေ ၂,၂၀၀ နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ၈၅၈ ဦး ရေဘေးသင့်ခဲ့ပြီး ဒေသအားလုံးပေါင်း ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၁၉,၇၆၈ ဦး) ရှိတယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေ ရေနစ်မြုပ်တာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာနဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ထိခိုက်ပျက်စီးမှုနဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေကို ဆက်လက်ကောက်ယူနေဆဲဖြစ်တာကြောင့် အမှန်တကယ် ထိခိုက်သူအရေအတွက်ဟာ လက်ရှိထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်း ပြောရေးဆိုခွင့်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
