မြန်မာပြည်သူတွေ ဒီနေ့မှာရော မနက်ဖြန်အတွက်ပါ လိုအပ်သမျှအားလုံး ပံ့ပိုးပေးနိုင်ပါတယ်လို့ ဘီလားရုစ် သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို (Alexander Lukashenko) က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံကနေ တစ်ဆက်ထဲ ချစ်ကြည်ရေးခရီးရောက်လာတဲ့ မြန်မာစစ်တပ်ခန့် အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ မင့်စ်မြို့မှာ သြဂုတ်လ ၂ဝ ရက်နေ့က သီးသန့် တွေ့ဆုံစဥ် အခုလို ပြောကြားလိုက်တာဖြစ်ပြီး သူ့အနေနဲ့ “မြန်မာနိုင်ငံ အကြောင်းကို အသေးစိတ်လေ့လာထားပြီး မြန်မာနိုင်ငံ လိုအပ်သမျှကိုလည်း ကောင်းကောင်းသိထားပါတယ် လို့လည်း သူကပြောတယ်”လို့ ဘီလားရုစ်အခြေစိုက် သတင်းဌာနတစ်ခုက သြဂုတ်လ ၂၁ ရက်နေ့က ရေးသားပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ နှစ်ဦးတည်းတွေ့ဆုံစကားပြောခဲ့တဲ့ အလွတ်ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးနဲ့ ချစ်ကြည်ရေးတိုးမြင့်ကိစ္စရပ်တွေပါတယ်လို့ ဆိုပါတယ်။ အများရှေ့မှာ ပြောလို့မရတာတွေကို နှစ်ဦးတည်းတွေ့ပြီး ဆွေးနွေးတာဟာ အကျိုးကျေးဇူးအများကြီးရှိတယ်လို့ လည်း သူကပြောပါတယ်။
မြန်မာဟာ ဘီလားရုစ်အတွက် အရှေ့တောင်အာရှမှာ အရေးပါပြီး အလားအလာကောင်းတဲ့ မိတ်ဘက်နိုင်ငံ ဖြစ်ကြောင်း၊ ဘီလားရုစ်နိုင်ငံအနေနဲ့ မြန်မာနဲ့ အဆင့်မြင့် သဘောတူညီချက်တွေကနေ နှစ်ဘက် အကျိုးရှိမယ့် စီမံကိန်းတွေဖြစ်လာစေဖို့ ဆန္ဒရှိတယ်လို့လည်း သူကပြောတယ်လို့သိရပါတယ်။ ဒီအထဲမှာ နှစ်နိုင်ငံ သံရုံးဖွင့်တာ၊ စက်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ တခြားကဏ္ဍတွေမှာ ၂၀၂၇ မှာ ပူးပေါင်းအကောင် အထည်ဖို့ လည်းပါတယ်လို့ သတင်းက ဆိုပါတယ်။
ဘီလားရုစ်နိုင်ငံသမ္မတ လူကာရှင်ကိုဟာ ၂၀၂၀ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အာဏာဆက်ရယူထား သူဖြစ်ပြီး ရွေးကောက်ပွဲအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ ပြည်သူတွေကို ဖိနှိပ်ဖြိုခွင်းတာ၊ ပြိင်ဘက်နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ဥရောပရဲ့ နောက်ဆုံး အာဏာရှင်အဖြစ် နိုင်ငံတကာက သတ်မှတ်ခံရသူဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်အလိုကျ ရုရှားတပ်တွေ ဘီလားရုစ်ထဲ အဝင်ခံပြီး ယူကရိန်းကို တိုက်ခိုက်ခွင့်ပေးခဲ့တာ၊ ရုရှား သြဇာခံအဖြစ် မီခိုလွန်းတာတွေကြောင့် နိုင်ငံတကာက ဝေဖန်ရှုံ့ချခံရသူလည်းဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချအပြီး စစ်တပ် အာဏာသိမ်းတာကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမင်းအောင်လှိုင်ဟာ ၂၀၂၅-၂၀၂၆ အပိုင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကတစ်ဆင့် ဧပြီလ ၃ ရက်နေ့မှာ သမ္မတရာထူး ရယူခဲ့သူဖြစ်ပြီး သမ္မတသက်တမ်း ၄ လအတွင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခုလမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို သွားရောက်နေတာဖြစ်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်က ထွက်ခွါသွားတဲ့ ဦးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ပထမဆုံး သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်တပ်အစိုးရလက်အောက်ခံ သတင်းဌာနတွေက ကြေညာထားပါတယ်။
ရုရှားသမ္မတနဲ့တွေ့ဆုံရာမှာ နိုင်ငံတကာမှာ နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုတို့နဲ့ ဆက်လက်ပူးပေါင်းသွားဖို့၊ လက်ရှိကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ဖို့၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်ရေး ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပူးပေါင်းပါဝင်ဖို့ စတာတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။
