လုပ်ငန်းခွင်မှာ ဖိနှိပ်ခံရသူ မြန်မာအလုပ်သမား ၆ ဦးကို ဂျပန်သမဂ္ဂတစ်ခု စောင့်ရှောက်ထား

ဂျပန်စကားနားမလည်ရကောင်းလားလို့ ဂျပန်ဝန်ထမ်းက ခေါင်းကို မကြာခဏ ရိုက်နှက်တာခံရသလို နေ့စဥ်နဲ့အမျှ ဆဲရေးတိုင်းထွာခံရဟုဆို။

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော်ကိုက်ဒိုးပြည်နယ်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတစ်ခုမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ခြောက်ဦးဟာ လုပ်ငန်းခွင့်မှာ လုပ်ငန်းခွင်မှာ ဖိနှိပ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရ တာတွေကြောင့် ဒေသခံ အလုပ်သမားသမဂ္ဂတစ်ခုက ယာယီ စောင့်ရှောက်ပေးထားတယ်လို့ သြဂုတ်လ ၂၂ ရက်နေံက ဂျပန်သတင်းစာ မိုင်အိနိချိ (Mainichi)က ရေးသားလိုက်ပါတယ်။

သက်ကြီးရွယ်အိုများလာပြီး အလုပ်သမားရှားပါးလာတာကို ဖြေရှင်းဖို့အတွက် မြန်မာဂျပန် နှစ်နိုင်ငံ ကျွမ်းကျင်လုပ်သား စာချုပ်နဲ့ ဂျပန်နိုင်ငံကို ရောက်လာတဲ့ ဒီအလုပ်သမားတွေဟာ အသက် ၃၀ နဲ့ ၂၀ အကြား အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ပြီး ဟော်ကိုက်ဒိုးပြည်နယ် ဆာပိုရိုမြို့အနီးက ကျိုကိုးကုမြို့လေးက လယ်ယာလုပ်ငန်းခွင်မှာ မေလနဲ့ ဇွန်လတွေက ရောက်ရှိလာပြီး အလုပ်လုပ်နေကြတာလို့ သိရပါတယ်။

ဆာပိုရိုအလုပ်သမားသမဂ္ဂရဲ့ အဆိုအရ မြန်မာအလုပ်သမား ၆ ဦးဟာ လယ်ယာလုပ်ငန်းခွင်မှာ သူတို့ ဂျပန်စကားနားမလည်ရ ကောင်းလားဆိုပြီး ဒေါသဖြစ်လာရင် ဒျပန်ဝန်ထမ်းက လယ်သုံးပစ္စည်းနဲ့ ခေါင်းကိုရိုက်တာ ခံရသလို အလိုမတူဘဲ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်တာ တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ နေ့စဥ်နီးပါး ဆဲရေးတိုင်းထွာခံရပြီး ဂျပန်ကနေ နှင်ထုတ်မယ်လို့လည်း အခြိမ်းခြောက်ခံ ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအလုပ်မှာ ဆက်အလုပ်လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိတော့ဘူးလို့လည်း သမဂ္ဂက ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ဒီလိုဖိနှိပ်မှုတွေကြောင့် ဒီအလုပ်ရှင်ကို ရာဇဝတ်မှုနဲ့ တရားစွဲဖို့ စဥ်းစားနေပြီး ဆာပိုရို ဒေသဆိုင်ရာ လူဝန်မှုကြီးကြပ်ရေးဌာနကို စုံစမ်းစစ်ဆေးပေးဖို့လည်း အချက်အလက်တွေကို ပေးပို့ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီ စွပ်စွဲခံရတဲ့ လယ်ယာလုပ်ငန်းဟာ ကျွမ်းကျင်လုပ်သား အစီအစဥ် မပေါ်ခင် ၂၀၂၂ ကလည်း တခြား လယ်ယာလုပ်ငန်း နာမည်တစ်ခုနဲ့ နိုင်ငံခြားအလုပ်သမားတွေကို နည်းပညာ အလုပ်သင်အဖြစ် ခေါ်ယူ ထိုင်းစေခဲ့ဖူးပြီး နိုင်ငံခြားသားအလုပ်သင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံခြားသားခေါ်ခွင့်လိုင်စင် ရူတ်သိမ်းခံရဖူးတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။