မြန်မာစစ်တပ်ခန့်အစိုးရရဲ့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ပထမဆုံး နိုင်ငံခြားခရီးအဖြစ် သြဂုတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာရာမှာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဥကရစ် ဘူတာနွန် (Ukris Boontanondha) က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းရာမှာ စစ်ထောက်လှမ်းရေးအကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတစ်ချို့က ပိတ်ဆို့အရေးယူခံထားရသူတစ်ဦးဖြစ်တဲ့ ကာချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ထိုင်းမြန်မာ အဆင့်မြင့်စစ်အရာရှိကြီးများ ၉ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကိုရောက်ရှိလာတာလို့ စစ်တပ်ခန့်အစိုးရ သတင်းမီဒီယာတွေက ရေးသားပါတယ်။
၂၀၂၆ မတ်လက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် သမ္မတရာထူးရယူဖို့အတွက် ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန် လွှဲပြောင်းပေးအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ထိုင်းဗိုလ်ချုပ်ကြီး ဥကရစ်နဲ့ ဘန်ကောက်ဟိုတယ်တစ်ခုမှာ နှစ်နိုင်ငံ နယ်ခြား လုံခြုံရေးကိစ္စရပ်တွေ၊ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်မှာ ကုန်သွယ်ရေး ပြန်ကောင်းမွန်ဖို့၊ ကျောက်ခက်နဲ့ ရွှေကုက္ကိုလ် ကျားဖြန့် အွန်လိုင်းလုပ်ငန်းများ နှိမ်နင်းရေးကိစ္စနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ လက်နက်မှောင်ခိုကိစ္စတွေ တားဆီးဖို့၊ အာဆီယံအဖွဲ့အတွင်းက ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း အဓိကထားဆွေးနွေးတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ရာထူးအသစ်နဲ့ နိုင်ငံတကာခရီးစဥ် ပထမဆုံး သွားရောက်တာဖြစ်ပြီး နိုင်ငံရပ်ခြား တပ်အဖွဲ့ အစည်းတစ်ခုနဲ့ ရာထူးအသစ်နဲ့ လူချင်းပထမဆုံး တက်ရောက်တဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ မေလ ၂၁ ရက်နေ့က အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို အွန်လိုင်းကတစ်ဆင့် တက်ရောက်ခဲ့ပြီး အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေကို အသွင်မျိုးစုံနဲ့ လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောကြား ခဲ့ပါတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အစီအရင်ခံစာသစ်မှာ ကာကွယ်ရေးဦးစီးချုပ်အသစ်လက်ထက် စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလာခဲ့ပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ရပ်တန့်မသွားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးဝါးလာတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ အသက် ၆၀ အရွယ်ရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ ဦးဆောင်ခဲ့သူလို့ သတင်းထွက်ခဲ့သူဖြစ်ပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ သစ္စာရှိ လူယုံတစ်ဦးဖြစ်လာခဲ့ပြီး သူသမ္မတရာထူး ရယူဖို့ ရက်ပိုင်းအလိုမှာ ကာချုပ်ရာထူးကို လွှဲပြောင်းပေးခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
