အခကြေးငွေယူပြီး ကျားဖြန့်တွေကို ကာကွယ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို KNU ငြင်းဆို

စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ KNUကို ဂုဏ်သိက္ခာ ကျအောင် တမင်ပုံဖျက်တာဟုဆို။

ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်တွေက အခကြေးငွေယူပြီး ကာကွယ်ပေးထားတယ် ဆိုတဲ့ စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ KNU က ဇူလိုင် ၃၁ ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံရဲ့အရှေ့တောင်ဒေသက စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ KNUကို ဂုဏ်သိက္ခာ ကျအောင် တမင်ပုံဖျက်တာဖြစ်တယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက RFA ကိုပြောပါတယ်။

“တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းတဲ့နေရာမှာ တောင်ပိုင်းဒေသတစ်ခုလုံးမှာ KNU ကို အဓိက ပစ်မှတ်ထားတယ်လို့ပဲ ကျွန်တော်တို့ နားလည်ထားတာပေါ့။ ဒါကြောင့်နိုင်ငံတကာရဲ့ နိုင်ငံရေးမျက်နှာစာမှာရော ပြည်တွင်းထဲက ပြည်သူလူထုတွေကိုရော သတင်းမှားတွေနဲ့ KNU ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်နေတာဖြစ်တယ်”

စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၅ ရက်မှာ ကျောက်ခက်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းလုပ်တဲ့ အဆောက်အအုံ ခုနစ်လုံးနဲ့ တရုတ်နိုင်ငံသား ၆၂၀ အပါအဝင် စုစုပေါင်း လူ ၇၇၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ငန်းတွေကို KNLA နဲ့ PDF တွေက အခကြေးငွေယူပြီး လုံခြုံရေးပေးထားတာလို့လည်း စွပ်စွဲထားပါတယ်။

KNU ရဲ့ ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်က တွေ့ရှိခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ KNU ထိန်းချုပ်နယ်မြေအတွင်းမှာ မဟုတ်ဘဲ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေထဲမှာဖြစ်ပြီး DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် ကိုယ်တိုင် ကြီးကြပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်ခက်ဒေသက Tai Chang လို့နာမည်ကြီးတဲ့ ငွေလိမ်ဂိုဏ်းခြံဝင်းကိုလည်း DKBA စီးပွားရေးတာဝန်ခံ ဗိုလ်ချုပ် စိုင်းကျော်လှက တိုက်ရိုက်ကြီးကြပ်ထားတာလို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂကလည်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကို ဇူလိုင်လ ၃၀ ရက်က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ DKBA ဟာ ထိုင်း-မြန်မာနယ်စပ်က သူတို့ထိန်း ချုပ်ထားတဲ့ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အခြေချပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့ လုံခြုံရေးပေးထားတာအပြင် ငွေလိမ်ဂိုဏ်းတွေထဲမှာ ပိတ်မိနေတဲ့ လူကုန်ကူးခံရသူတွေကို အကြမ်းဖက်မှုတွေကျူးလွန်တဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ EU ရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ RFA က DKBA ကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။