မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဩဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်အတွက် နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ စုံစမ်းစစ်ဆေးထားတာတွေကို အခြေခံထားတာလို့ ဆိုပါတယ်။
အထူးသဖြင့် စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ခိုက်မှုတွေ တိုးမြင့်လာတာဖြစ်ပြီး ဒီနေ့အထိလည်း လျော့ကျမသွားသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါရာမော်တာနဲ့ ဒရုန်းတွေကို ပိုသုံးလာတာကြောင့်လည်း အရပ်သားတွေ ကြိုတင်သတိပြုဖို့ ခက်ခဲလာပြီး ထွက်ပြေးဖို့နဲ့ ပုန်းခိုဖို့အတွက် အခွင့်အလမ်း ပိုနည်းလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ဖမ်းဆီးခံထားရချိန် သေဆုံးတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကိုလည်း စုဆောင်းထားတယ်လို့ IIMM က ဖော်ပြပါတယ်။
IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ ဘဝတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး ရေရှည်အကျိုးဆက်တွေကိုပါ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်။ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဥ် ရှင်သန်နေကြရတဲ့အပြင်၊ နက်ရှိုင်းပြီး ရေရှည်ကျန်ရှိနေတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီအချက်က ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဆီက တာဝန်ခံမှုရရှိဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အလေးအနက် ဖော်ပြနေပါတယ်”
စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးတာ စတဲ့ အသေးစိတ်စာရင်းတွေကိုတော့ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။
စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုမှုတွေအပါအဝင် ရင်းမြစ်ပေါင်း ၁၆၀၀ ကျော်ကရရှိခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုလ်တုပုံရိပ်နဲ့ ဆိုရှယ်မီဒီယာနဲ့ မှုခင်းဆေးပညာ အထောက်အထားတွေကို အခြေခံထားတာလို့ IIMM က ဆိုပါတယ်။
IIMM အစီအရင်ခံစာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း တစ်သောင်းသုံးထောင်ကျော် (၁၃၅၀၃ ဦး) သေဆုံးခဲ့ပြီး နောက်ထပ် လူပေါင်းနှစ်သောင်းကျော် (၂၂၅၁၉ ဦး) ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
