နိုင်ငံငယ်တွေ ဖိအားပေးခံနေရကြောင်း အာဆီယံအစည်းအဝေးမှာ ကာချုပ်အသစ်ပြော

ဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်တဲ့အတွက် ဖိအားပေးမှုအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင်အပါအဝင် ဝန်ကြီးအဆင့်ခေါင်းဆောင်တွေကို အာဆီယံတက်ခွင့်ပိတ်ထားဆဲ။

အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ သံတမန်ရေး အပါအဝင် အသွင်မျိုးစုံနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ချဉ်းကပ်ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မေလ ၂၁ ရက်နေ့ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်များအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အဲဒီအစည်းအဝေးကို Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ်ကိုယ်စား ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ မြန်မာစစ်တပ်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေနဲ့ ဗီယက်နမ်နိုင်ငံတို့က စစ်ဘက်ခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက “လက်ရှိအချိန်မှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံတစ်နိုင်ငံကို စစ်ရေးနည်းလမ်းနဲ့ တိုက်ရိုက်ကျူးကျော်တာထက် ထောက်ပံ့ကူညီမှုတွေကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေးနဲ့ သံတမန်ရေး စတဲ့ အသွင်မျိုးစုံနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းနေတယ်” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်တွေကို လွှမ်းမိုးနိုင်ဖို့ အင်အားကြီးနိုင်ငံအချို့က မဟာမိတ်အုပ်စု တွေ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုတွေအထိ လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံတွေကနေ လွှမ်းမိုးချုပ်ကိုင်နေတယ်၊ ဖိအားပေးနေတယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆို သွားတာမရှိပါဘူး။

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ “တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲ” ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်နဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီလို့ ဆိုပါတယ်။ အဲဒီအပြင် “ဒေသအခြေခံ ဖက်ဒရယ်စနစ်” ကို ဆက်လက်ဖော်ဆောင်သွားမယ် လို့လည်း ပြောဆိုခဲ့ပြီး နိုင်ငံခြားရေးမူဝါဒအနေနဲ့ “လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မူဝါဒ” ကို ကျင့်သုံးသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်တပ်ဖမ်းဆီးပြီးထောင်ချတာခံခဲ့ရလို့ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးကတော့ စစ်တပ်ဟာ တရုတ်မြန်မာနယ်စပ်က ပြည်ပရန်ကိုသာ မကာကွယ်နိုင်တာ ပြည်သူအချင်းချင်းကိုကြ လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ အဖွဲ့တစ်ခုသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“စစ်တပ်က သူကသာ ပြည်သူအချင်းချင်းကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်နေတာ၊ အရပ်သားအစိုးရအဖွဲ့နဲ့ လူထုခေါင်းဆောင်ကိုကြ အဂတိအမှုနဲ့တရားစွဲထောင်ထဲ ထည့်ထားတယ်။ တရုတ်မြန်မာနယ်စပ်မှာဆို ပြည်တွင်းက ပြည်သူတွေ ဒုက္ခရောက်နေတာ အများကြီးပဲ၊ ပြီးတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ သူ့လက်အောက်ခံအဖွဲ့တွေက အကြမ်းဖက်သတ်ဖြတ်နေလို့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ဆရာမတွေ၊ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာတော်သံဃာတော်စတဲ့ အပြစ်မဲ့ပြည်သူတွေ သေကြရတာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ထုတ်ပြန်ချက်တွေအရဆိုရင် ဒီနေ့ (မေလ ၂၂ နေ့) အထိ ရှစ်ထောင်ကျော် (၈,၀၅၅ ဦး) ရှိသွားပြီလေ”

လက်ရှိ အသက် ၆၀ အရွယ်ရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ ဦးဆောင်ခဲ့သူလို့ သတင်းထွက်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက အရပ်သားဒေသတွေကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှုတွေလည်း မြင့်တက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စွပ်စွဲထားပါတယ်။

အာဆီယံအနေနဲ့လည်း မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) ကို အကောင်အထည်မဖော်နိုင်သေးတဲ့ စစ်တပ်အပေါ် ဖိအားပေးမှုအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင် “သမ္မတ” ဦးမင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးမှာတော့ စစ်ကောင်စီဘက်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အွန်လိုင်းကတစ်ဆင့် တက်ရောက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။