စစ်တပ်ခန့်သမ္မတရဲ့ ရုရှားခရီးစဉ် တရားဝင်မှုရရှိရေးကြိုးပမ်းချက်အဖြစ်လေ့လာသူတွေရှုမြင်

နိုင်ငံတကာမျက်နှာစာတွေမှာ အပြန်အလှန် ထောက်ခံပေးနေကြသလို အနာဂတ်မှာလည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူဟုဆို။

အာဏာသိမ်းစစ်တပ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဩဂုတ် ၁၈ ရက်နေ့က တွေ့ဆုံပြီး နျူကလီးယားစွမ်းအင်၊ စက်မှု၊ နည်းပညာ၊ အာကာသ၊ စစ်ရေးနဲ့ နိုင်ငံတကာရေးရာတွေ ဆွေးနွေးခဲ့တယ်လို့ နှစ်ဘက်ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံအကြား သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၂ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှု ပြန်လည်စိစစ်မယ့်ကာလနဲ့ နီးကပ်နေတာကြောင့် နိုင်ငံတကာတရားဝင်မှုရရှိရေး ကြိုးပမ်းချက်ဖြစ်နိုင်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုလွမ်းသူက သုံးသပ်ပါတယ်။

“ဒါကတော့ အသေအချာပဲ၊ legitimacy ပေါ့နော်၊ နိုင်ငံတကာအခင်းအကျင်းမှာ သံတမန်ဝင်ဆန့်မှုရဖို့အတွက်။ နောက်တစ်ခုကလည်း မကြာခင်မှာ ကုလသမဂ္ဂ Credential Committee ကနေ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုတွေကို ပြန်စဉ်းစားတော့မယ့်အချိန်မှာ ချိန်သားကိုက်လုပ်ဆောင်မှုလို့လည်း မြင်တယ်”

သမ္မတ ပူတင်က မြန်မာနဲ့ ရုရှားတို့ဟာ နိုင်ငံတကာရေးရာမှာ ရပ်တည်ချက်ချင်း နီးစပ်တယ်လို့ ပြောခဲ့ပြီး မြန်မာစစ်တပ်ခန့်သမ္မတကလည်း နှစ်နိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ အပြန်အလှန် ထောက်ခံပေးနေကြသလို အနာဂတ်မှာလည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ ထောက်ခံမှုကြောင့် စစ်တပ်ခန့်အစိုးရအနေနဲ့ သံတမန်ရေးအထောက်အပံ့ ပိုရလာနိုင်တယ်လို့ စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးက သုံးသပ်ပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပဲ ဖြစ်ဖြစ်၊ အထွေထွေညီလာခံမှာပဲ ဖြစ်ဖြစ် မြန်မာလိုအပ်တာလည်း ရှိတယ်၊ ရုရှားလိုအပ်တာလည်း ရှိမှာပေါ့နော်။ ဒီအတွက် နှစ်နိုင်ငံက အကျိုးတူသွားတော့ ပူးပေါင်းမိကြတာပေါ့နော်။ မြန်မာနိုင်ငံက အခု ဒီမိုကရေစီရလာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မြန်မာဘက်ကနေပြီးတော့ သူတို့က အင်တိုက်အားတိုက် ရက်ရက်ရောရော ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်က မြင်တယ်”

NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အလွယ်တကူ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂမှာ ကျွန်တော်တို့ ပြည်သူ့တင်မြှောက်ထားတဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရှိပါတယ်။ ဦးကျော်မိုးထွန်းရဲ့ နေရာကို ကုလသမဂ္ဂကနေပြီးတော့ လွယ်လွယ်နဲ့ ဖယ်ရှားဖြစ်ဖို့ဆိုတာတော့ မလွယ်ကူသေးပါဘူးလို့ပဲ မြင်ပါတယ်။”

ရုရှားအပါအဝင် နိုင်ငံတချို့နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို စစ်တပ်ခန့်အစိုးရက နိုင်ငံတကာတရားဝင်မှု ရရှိရေးအတွက် အသုံးချလာနိုင်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

“အထူးသတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ လိုတယ်၊ အရပ်သားတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်နေတာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲသတ်ဖြတ်နေတာတွေ၊ ဒီဟာတွေကို မျက်ခြည်ပျက်လို့မရဘူး၊ မေ့ပျောက်ပစ်လို့ မရပါဘူး”

ဒီလိုဝေဖန်ပြောဆိုတာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး သတင်းနဲ့ပြန်ကြားရေးဗျူရိုကို RFA က ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

ရုရှားဟာ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ခန့်အစိုးရနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ နီးကပ်စွာ ပူးပေါင်းနေတဲ့ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

ရုရှားရဲ့ သံတမန်ရေးထောက်ခံမှုက စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံတကာတရားဝင်မှုနဲ့ ကုလသမဂ္ဂကိုယ်စားပြုခွင့်ရရှိရေး ကြိုးပမ်းမှုတွေအပေါ် ဘယ်လောက်သက်ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။