ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာ ဗုံးကြဲခံရလို့ အမျိုးသမီးတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မုံလှရွာအနီးတစ်၀ိုက်မှာ တိုက်ပွဲဖြစ်တာမရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဆို။

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်တပ်က ဇူလိုင် ၂၅ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား သုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) သုံးစီးက မုံလှရွာရဲ့ နေရာ သုံးနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရသလို စားနပ်ရိက္ခာအတွက် သိုလှောင်ထားတဲ့ စပါးတွေပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရွာလယ်ကိုကျတဲ့ တစ်လုံးက တော်တော်ကြီးတယ် ကျင်းကြီးလည်း ကြီးတယ်။ ဆီပေပါတွေရှိတဲ့ အိမ်ကို သွားကျတော့ အစတွေစင်ပြီး အိမ်တွေပါ မီးလောင်တာ မီးငြှိမ်းဖို့ ကြိုးစားကြသေးတယ် ဂျိုင်ယိုက ဗုံးကြဲပြီး မပြန်သေးဘဲ အပေါ်မှာဝဲနေတော့ ရွာသူရွာသားတွေက ထွက်ပြီးမငြှိမ်းရဲကြဘူး။ ဗုံးကျလို့ မီးလောင်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦး ဆုံးတယ်။ မိုင်းစမှန်ပြီး ဒဏ်ရာရတာက သုံးယောက်ရှိတယ်။ ဗုံးထိတဲ့အိမ်ရယ် ဘေး နှစ်အိမ် မီးလောင်သွားတယ် အားလုံးက ပျဉ်ထောင်အိမ်မကြီးတွေ၊ ရွာတောင်ပိုင်းကို ဗုံးချတဲ့နေရာမှာလည်း နေအိမ်တစ်လုံးက ရစရာ မရှိဘူး။ ပြီးတော့ စပါးတိုက်သုံးလုံး မီးလောင်တယ်။ အပျက်အဆီး အဆုံးအရှုံးလည်းများတယ် သူများတကာရဲ့ဘ၀ကို နာရီပိုင်းလေးနဲ့ လာဖျက်ဆီးသွားတာ”

မုံလှရွာအနီးတစ်၀ိုက်မှာ တိုက်ပွဲဖြစ်တာမရှိသလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၄ စီး၊ လယ်ထွန်စက် ၁ စီးနဲ့အတူ မိုးရာသီကာလ လယ်ယာလုပ်ငန်းခွင်မှာ ထွန်ယက်စိုက်ပျိုးဖို့ စုဆောင်းထားတဲ့ ဆီပေပါ ၈ လုံး၊ စုစုပေါင်း စပါးတင်း ၁,၂၅၀ ကျော် သိုလှောင်ထားတဲ့ စပါးတိုက် (စပါးကျီ) သုံးလုံးတို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံလှရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ မုံလှရွာမှာ ၂၀၀ ကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာဟာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဘုန်းတော်ကြီး မာကုတင်ဝင်း တို့ရဲ့ဇာတိမြေလည်း ဖြစ်ပါတယ်။

အာဏာသိမ်းကာလ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းတွေ ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် ရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းတွေအပါအဝင် နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့ရသလို အရပ်သားတချို့လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။