ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ SCEF တွေ့ဆုံဆွေးနွေး

လက်ရှိနိုင်ငံရေး အခင်းအကျင်းအတွက် ရှေ့လုပ်ငန်းစဉ်လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆို။

လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ SCEF က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က အွန်လိုင်းကနေ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး SCEF ရဲ့ အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့မြို့တွေမှာ ရေကြီးရေလျှံခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအတွက် ရှေ့လုပ်ငန်းစဉ်လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲအခြေအနေကိုသိထားတဲ့ အမည်မဖော်လိုသူတစ်ဦးက SCEF အနေနဲ့ လက်ရှိရက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ပါ ဆက်တိုက် ဆွေးနွေးမှုတွေ ရှိနေပေမဲ့ တိကျရှင်းလင်းတဲ့ အခြေအနေတော့ မတွေ့ရသေးဘူးလို့ RFA ကို ပြောပါတယ်။

“အသေးစိတ် အခြေအနေကိုတော့ မပြောနိုင်ပေမဲ့ အခုတွေ့ဆုံမှုတွေက တစ်ဖက်က ကြည့်ရင် အားရစရာကောင်းပေမဲ့ ခိုင်မာတဲ့ ပူးပေါင်းမှုရလာဒ်တွေတော့ မမြင်ရသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်”

SCEF အစုအဖွဲ့မှာ ပါဝင်တဲ့ ကရင်နီတပ်မတော်(KA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဇူလိုင်လ ၁၃ ရက်နေ့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇာရို (Theresa Lazaro) နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ပါ ဆက်တိုက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်မှာတော့ SCEF နဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့က ယူနစ်အစိုးရတွေနဲ့ လွှတ်တော်တို့ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဇူလိုင် ၂၀ရက်နေ့မှာတော့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)နဲ့ တွေ့ဆုံခဲ့တာပါ။

အလားတူ ဇူလိုင် ၂၁ ရက်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်ဖက်ဒရယ် ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ(CRMH)တို့ တွေ့ဆုံဆွေးနွေးခဲ့သလို ဇူလိုင် ၂၂ ရက်မှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

လက်ရှိတွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အတိအကျသိရဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားလာတာမရှိသေးပါဘူး။