အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဇာ လာဇရို (Theresa Lazaro) နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) တို့ဟာ ဇူလိုင်လ ၁၃ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS/SSA)တို့ နဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံခဲ့ပြီး အဲဒီနောက်မှာ စစ်တပ်ခန့်အစိုးရရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့နဲ့ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ အားလုံးပါဝင်တဲ့ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်လာရေး အတွက် ရှေ့ဘယ်လို ဆက်မလဲဆိုတာကို ဆွေးနွေးတာလို့ ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စလာဇရိုရဲ့ X စာမျက်မှာ ပြောကြားချက်အရ ဒီဆွေးနွေးပွဲဟာ အာဆီယံသွားလိုတဲ့ လမ်းကြောင်းအတွက် အတိုင်းအတာတစ်ခုအထိ အကောင်အထည်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီဆွေးနွေးပွဲက ကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်နဲ့ အတူ ပွင့်ပွင့်လင်းလင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စကားပြောကြတာပါ။ ဘယ်လို နည်းလမ်းနဲ့လုပ်နိုင်မလဲ၊ ဖြစ်နိုင်ခြေရှိမရှိ၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဘယ်လိုသွားကြမလဲ။ ဒီဆွေးနွေးပွဲက အရေးကြီးပါတယ် ဘာလို့လည်း ဆိုတော့ ဒါပထမဆုံး ဒီလိုတွေ့ဆုံတာဖြစ်လို့ပါပဲ။ တိုင်းရင်းသားအဖွဲ့တွေက အဆင့်မြင့်တဲ့သူတွေပါသလဲ သက်ဆိုင်ရာ ပါသင့်ပါသူတွေထဲက အဆင့်တစ်ခု ရှိတဲ့သူတွေပါတဲ့အတွက် အာဆီယံက ဖော်ဆောင်ချင်တဲ့ အခြေအနေအတိုင်းအတာကို ရောက်လာနိုင်တဲ့ အနေအထားဖြစ်နေလိို့ပါ။ ”
ဒီဆွေးနွေးပွဲမှာ တက်ရောက်ကြသူ ဘက်အားလုံးက ဆွေးနွေးဖို့ လိုလားတယ်ဆိုတာကို ပြသခဲ့ကြပြီး အပြုသဘော တွေ့ဆုံဆွေးနွေးရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်နိုင်ရေး အလေးထား ပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဆွေးနွေးခဲ့တဲ့အဖွဲ့အားလုံးက စစ်ရေးနဲ့ ပြည်တွင်းစစ်ကို ဖြေရှင်းလို့ မရဘူးဆိုတာကို သဘောပေါက်ကြတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“မကြာခင်မှာ အားလုံးကလက်ခံတဲ့ အခြေခံသဘောတူညီမှုတစ်ခုရပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လောလောဆယ်တော့ စကားပြောနိုင်ဖို့ စကားပြောကတဲ့အဆင့်ပဲဖြစ်မှာပါ။ ဘယ်လို တွေ့ဆုံဆွေးနွေးမလဲ၊ ဘယ်လိုစီစဥ်ဆွေးနွေးမလဲဆိုတာပေါ့။”
မြန်မာအရေးမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး မကြာခင်သွားရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင်လ ၁၅ ရက်နေ့က ရေးသားလိုက်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ဖိတ်ကြားခြင်းမရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဆွေးနွေးပွဲအပေါ် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲက အာဆီယံဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးတဲ့ပွဲလား၊ စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း နဲ့ ငြိမ်းချမ်းရေးစီမံကိန်းကို အခြေခံပြီး လုပ်တဲ့ပွဲလားဆိုတာ အဓိက မေးချင်ပါတယ်။”
ဒီဆွေးနွေးပွဲဟာ ဘန်ကောက်မှာ ဇွန်လ ၁၂ ရက်နေ့က မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပထမဆုံးတွေ့ဆုံတဲ့ အစည်းအဝေးအပြီး နောက်ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
