“မေမေ့အတွက် ထမင်းချက်ကျွေးချင်တယ်၊ မေမေနဲ့အတူ လမ်းလျှောက်ချင်တယ်”

တကယ်တော့ တိုက်ချီတိုဟာ မေမေ့ကို ကျွန်တော်ပေးခဲ့နိုင်တဲ့ တစ်ခုထဲသော အကောင်းဆုံးလက်ဆောင်လို့ ထင်ပါတယ်။

RFA: အာဇာနည်နေ့က ဗီဒီယိုမှာ အဘိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေနဲ့ပတ်သက်ပြီး ပြောသွားတာ တွေ့ပါတယ်။ စစ်တပ်ခန့် အစိုးရကတော့ ရုပ်တုတွေကို ဖျက်ဆီးနေတာမဟုတ်ဘဲ သမိုင်းဝင် အဆောက်အအုံနဲ့ အထိမ်းအမှတ်နေရာဆိုင်ရာ ဥပဒေတွေနဲ့အညီ ပြန်လည် စစ်ဆေးပြင်ဆင်နေတာလို့ ပြောပါတယ်။ အဲဒီရှင်းလင်းချက်နဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

Kim Aris : အရင်ဆုံး ရုပ်တုတွေကို မပြောပါနဲ့ဦး။ မေမေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ အိမ်အပြင် ဘက်မှာ ချိတ်ထားတဲ့ ကျွန်တော့်အဘိုးရဲ့ပုံတူကို ဘာကြောင့် ဖြုတ်ချကြပါသလဲ။ အဲဒါက ရုပ်တုတောင် မဟုတ်ပါဘူး။ ဒီလုပ်ရပ်တွေက ရုပ်ဝတ္ထုပစ္စည်းတွေ သက်သက်အပေါ် ထားတဲ့ သဘောထားအရင်းခံမဟုတ်ပါဘူး။ မှားနေလို့ ပြင်တယ်ပဲပြောပြော ဘာပြောပြော ရယ်စရာကောင်းတယ်လို့ ထင်ပါတယ်။ မနှစ်ကလည်း အဘိုးရုပ်တုတွေ ဖြိုချခံခဲ့ရတာပါပဲ။ ဒါပေမယ့် ဦးမင်းအောင်လှိုင်က ကျွန်တော့်အဘိုးရဲ့ နေအိမ် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို သွားရောက်ခဲ့ပါသေးတယ်။ သူတို့ဘာကို ပြောချင်တာလဲ လုပ်ချင်တာလဲ အလွန် နားလည်ရခက်ပါတယ်။ ကျွန်တော့်အဘိုးဟာ ဖက်ဆစ်ဝါဒနဲ့ ကိုလိုနီနယ်ချဲ့ဝါဒကို ဆန့်ကျင် တော်လှန်ခဲ့သူပါ။ အခု လက်ရှိ တပ်မတော်က တိုင်းပြည်အပေါ် လုပ်ဆောင်နေတာတွေကို မြင်ရရင် သူအလွန် စက်ဆုပ်ရွံရှာမှာ မလွဲမပါဘူး။ သူက ဒီတပ်မတော်ကို တည်ထောင်ခဲ့သူဖြစ်ပေမဲ့ လက်ရှိတပ်မတော် သွားနေတဲ့လမ်းကြောင်းကို သူကြိုက်မှာ မဟုတ်ပါဘူး။ အဘိုးဟာ အာဏာကို တစ်ဦးတစ်ယောက်ထဲက ချုပ်ကိုင်ထားတဲ့ စနစ်ကို လက်ခံယုံကြည်သူမဟုတ်ဘဲ ခွဲဝေအုပ်ချုပ်တဲ့ ဖက်ဒရယ်စနစ်ကို ယုံကြည်သူဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဟာ ဘယ်နေရာဒေသ၊ ဘယ်လူမျိုးစုက လာတယ်ဆိုတာ အရေးမကြီးဘဲ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ဖို့သာ အရေးကြီးတယ်လို့ အဘိုးက ယုံကြည်ခဲ့တာပါ။

RFA: မိခင်ဖြစ်သူရဲ့အခြေအနေကို ကမ္ဘာက အာရုံစိုက်လာစေဖို့ ဦးဆောင်လှုပ်ရှားနေတဲ့ “Proof of Life” လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အစိုးရတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီက ဘယ်လိုထောက်ခံအားပေးမှုတွေ ရရှိထားပါသလဲ။

Kim Aris : နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းအသိုင်းအဝိုင်း အများအပြားက ဒီလှုပ်ရှားမှုမှာ ကျွန်တော်နဲ့အတူ ပူးပေါင်း ပါဝင်လာကြပါတယ်။ ဒီလို လူတိုင်းပါဝင်လာတာကို မြင်ရတာ အလွန်ခံစားရပါတယ်။ အားလည်းတက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုချင်တောင့်တတဲ့ ဆန္ဒတော့ မပြည့်သေးပါဘူး။ အခုထိ မေမေနဲ့ လုံးဝဆက်သွယ်ခွင့်မရသေးသလို မေမေ အသက်ရှင်နေသေးတယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိသေးပါဘူး။ စစ်အာဏာပိုင်တွေက ပြောတာ လုပ်တာတွေက မေမေ ကျန်းမာတယ် အသက်ရှိနေတယ်ဆိုပေမယ့် ဘာအထောက်အထားမှမပါတဲ့အတွက် ကျွန်တော့်ကို စိတ်သက်သာမှုမပေးနိုင်ပါဘူး။ အသက်ရှင်ကြောင်းသက်သေပြပေးဖို့ လူတိုင်းက ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်လာကြတာ အတိုင်းထက်အလွန် ကျေးဇူးတင်ပါတယ်။ တောင်းဆိုချက် တကယ့် အကျိုးရလဒ် ရလာတဲ့အထိ အတူ ဆက်တောင်းဆိုကြဖို့ပဲ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ လောလောဆယ်တော့ အသက်ရှင်နေတယ်ဆိုတဲ့ စကားပဲရပါသေးတယ်။ ကျွန်တော်တို့ ဆန္ဒပြည့်ဖို့ တိကျခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုပါတယ်။ အာဆီယံအနေနဲ့ဆိုရင်လည်း သူတို့နိုင်ငံတွေကနေ လက်နက်တွေ တရားမဝင်တင်သွင်းထောက်ပံ့နေတာကို အမှန်တကယ် ရပ်တန့်တာမျိုးလည်း လုပ်ရပါမယ်။

RFA: ဒီလှုပ်ရှားမှုက မြန်မာစစ်အစိုးရကို သိသာတဲ့ တွန်းအားပေးမှုဖြစ်စေတယ်လို့ ထင်ပါသလား။

Kim Aris: ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ဆက်ပြီး လုပ်ဆောင်သွားမှာပါ။

RFA: တိုက်ချီတိုလေး ပြီးခဲ့တဲ့လက သေဆုံးသွားခဲ့ပါတယ်။ ကင်မ့်မိခင်နဲ့ တိုက်ချီတိုတို့ကြားက ရင်းနှီးမှုအကြောင်း ပြောပြပေးနိုင်မလား။ ကင်မ်တို့သားအမိကြားမှာ တိုက်ချီတိုအကြောင်း ပြောဖူးတာ ဒါမှမဟုတ် အမှတ်တရတွေ မျှဝေဖူးတာ ရှိပါသလား။

Kim Aris: မေမေက တိုက်ချီတိုကို အလွန်ချစ်ခင်ပါတယ်။ တိုက်ချီတိုကလည်း မေမေ့ကို အလွန် အကာအကွယ် ပေး တတ်ပါတယ်။ တခြားလူတွေက မေမေ့အချိန်ကို အများကြီးယူနေရင် သူမကြိုက်ဘူး။ မကြိုက်တာကိုလည်း အဲဒီလူတွေ သိအောင် ပြတတ်ပါတယ်။ သူ့သွေးထဲမှာ တိုက်ချင်ခိုက်ချင်တဲ့ သွေးစပ် ပါနေတာကြောင့် မပျော်တဲ့အခါ စိတ်ဆတ်ပြီး ကိုက်ချင်ရန်လုပ်ချင်ပါတယ်။ ဒါပေမဲ့ မေမေက သူ့ကို မဆိုးသွမ်းအောင် လေ့ကျင့်ပေးနိုင်ခဲ့လို့ လိမ္မာတဲ့ ခွေးတစ်ကောင်ဖြစ်လာခဲ့တယ်။ တကယ်တော့ တိုက်ချီတိုဟာ မေမေ့ကို ကျွန်တော်ပေးခဲ့နိုင်တဲ့ တစ်ခုထဲသော အကောင်းဆုံးလက်ဆောင်လို့ ထင်ပါတယ်။ မေမေ ထောင်မကျခင်အထိ သူက မေမေနဲ့ ဆယ်နှစ်ကျော် အတူနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ် ထောင်ထဲကို မေမေအပို့ခံရတော့ တိုက်ချီတိုနဲ့ အတူ မေမေနေခွင့်မရခဲ့တာကိုပဲ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။

RFA: ကင်မ်ရဲ့ မိခင် ပြန်လွတ်လာတဲ့အခါ သူနဲ့အတူ ဘာတွေလုပ်ချင်တယ်ဆိုတာ စဉ်းစားထားဖူးလား။

Kim Aris: သာမန်မိသားစုတွေ လုပ်လေ့ရှိတဲ့အရာတွေပဲ လုပ်ချင်ပါတယ်။ မေမေ့အတွက် ထမင်း ချက်ကျွေးချင်တယ်၊ မေမေနဲ့အတူ လမ်းလျှောက်ချင်တယ်၊ သူ့မြေးတွေနဲ့လည်း အချိန်အတူ ကုန်ဆုံးစေချင်ပါတယ်။ ကျွန်တော်တို့က မေမေ့ကို လွမ်းသလို မေမေကလည်း ကျွန်တော်တို့ကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်။ အချိန်တစ်ချိန်မှာ မေမေ့ကို ပြန်တွေ့ရမယ်လို့ပဲ ကျွန်တော် ယုံကြည်ထားပါတယ်။

(ကင်မ်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းနဲ့ ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။)