အာဏာရှင်အဖြစ် ရေးသားဖော်ပြထားတဲ့ တိုင်းမ်မဂ္ဂဇင်းဆောင်းပါး စစ်တပ်ခန့်အစိုးရ ရှုတ်ချ

အင်တာဗျုးအတိုင်းမရေးဘဲ တခြားသူပြောကြားချက်တွေနဲ့ ရောထွေးပြီး ရေးသားဖော်ပြခဲ့တဲ့အပေါ် ကျင့်ဝတ်လိုက်နာမှုမရှိဟု ဝေဖန်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော် တိုင်းမ် (Time) မဂ္ဂဇင်းကြီးရဲ့ “အနောက်နိုင်ငံများနဲ့ ဆက်ဆံရေး ပြန်ထူထောင်လိုသည့် မြန်မာအာဏာရှင်” လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ ခေါင်းစဥ်နဲ့ စက်တင်ဘာ ၂၃ ရက်နေ့က အွန်လိုင်းကနေ ဖြန်ဝေတဲ့ အထူးသီးသန့် သတင်း‌ဆောင်းပါးဟာ ဦးမင်းအောင်လှိုင်ရဲ့ အမှန်တကယ်ဖြေကြားခဲ့မှုတွေကို မထင်ဟပ်သလို မူလတောင်းဆိုထားတဲ့ အင်တာဗျူးအဆိုပြုချက်နဲ့ ကွဲလွဲနေတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ မြန်မာစစ်တပ်ခန့်အစိုးရက နေ့ချင်း တုံ့ပြန်ပြောကြား လိုက်ပါတယ်။

စင်္ကာပူအခြေစိုက် တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှဗျူရိုအကြီးအကဲ ချာလီကမ့်ဘဲလ် (Charlie Campbell) က နေပြည်တော်လာရောက်ပြီး စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိစစ်တပ်ခန့်အစိုးရသမ္မတအဖြစ် အာဏာရယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရရှိပြီး သုံးသပ်ရေးသားထားတဲ့ သတင်းဆောင်းပါးဟာ ကနဦးအဆိုပြုချက်မှာ ပြောထားတဲ့ “မြန်မာနိုင်ငံအနာဂတ်အကြောင်း”ဆိုတဲ့ ဦးတည်ချက်နဲ့လွဲနေကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းရဲ့ အမှန်တကယ်ဖြေကြားခဲ့တဲ့ အချက်အလက်တွေကို အမှန်တကယ်ထင်ဟပ်ခြင်းမရှိသလို “မလိုလားအပ်တဲ့ ရေးသားချက်တွေ၊ အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေနဲ့ သုံးသပ်ချက်တွေကိုသာ ဦးစားပေး ထည့်သွင်းဖော်ပြခဲ့ကြောင်း”လည်း နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက အနောက်တိုင်း သတင်းဌာနတစ်ခုနဲ့ ပထမဆုံး တွေ့ဆုံ မေးမြန်းခွင့်ပေး ပြီးနောက် ထွက်ပေါ်လာတဲ့ ဒီဆောင်းပါး အစမှာ အင်တာဗျူးလုပ်ဖို့ အခန်းထဲကို ဝင်မလာခင် မှန်တစ်ချပ်ကို တပြည့်တွေက ယူလာကြောင်း၊ စကားမပြောခင် မျက်မှန်ကို ကိုင်ပြီး ဟန်ချက်ပေးကြောင်း၊ ပြီးသူ့ပုံကို ဓာတ်ပုံရိုက်ဖို့၊ ဆံပင်ပါးလာနေတဲ့ ခေါင်းကို လူမသိအောင် ဘယ်ဘက်အခြမ်းကနေ မီးအလင်းရောင်ကို ထိုးပြီး ရိုက်ဖို့ ပြောကြောင်း ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဖြေကြားရာမှာ “အလွန်အမင်းသက်ညှာခဲ့ကြောင်း၊ ဒီလိုအဆင့်ထိ ရောက်မလာအောင် အခြေအနေ နည်းမျိုးစုံနဲ့ တားဆီးဖို့ ကြိုးစားခဲ့ကြောင်း”၊ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ပတ်သက်လို့ “သူ့အပေါ်မှာပဲ တည်ကြောင်း၊ ဒါဟာလည်း မိမိတို့ဘက်က ပြန်သုံးသပ်ဖို့ အခြေအနေရှိလာရင် ပြောင်းလဲသွားနိုင်ကြောင်း” ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။

ဒီဆောင်းပါးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယာယီသမ္မတ ဒူဝါလရှီလ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနဲလ် (Sean Turnell)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး (UNODC) က ဂျာရမီ ဒေါက်ကလတ်စ် (Jeremy Douglas)၊ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ် (Scot Marciel) ၊ သတင်းစာဆရာ ဦးအောင်ဇော်၊ ‌ဒေါ်မွန်မွန်မြတ်၊ ရွှေဝါရောင်သံဃာ့ အရေးအခင်း ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့တဲ့ ဦးဂမ္ဘီရ စတဲ့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

တိုင်းမဂ္ဂဇင်းရဲ့ ရေးသားချက်ဖော်ပြချက်မှာ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို ကျော်လွန်ပြီး တခြားပုဂ္ဂိုလ်တွေနဲ့ မေးမြန်းထားတာတွေ၊ သုံးသပ်ချက်တွေနဲ့ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေပါဝင်ကြောင်း၊ ဒီအကြောင်းတွေဟာ စစ်တပ်ခန့်အစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေပါကြောင်း၊ ဒါ့ကြောင့် ဒီတွေ့ဆုံမေးမြန်းချက်အပြည့်အစုံကို သတင်းမီဒီယာတွေကနေ ဆက်ပြီး ထုတ်လွှင့်ဖော်ပြသွားမှာဖြစ်ကြောင်း စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။