မြန်မာပြည်မှာ အွန်လိုင်းကဝေဖန်သူတွေ ဖမ်းဆီးခံနေရဆဲ

သုံးလအတွင်း အွန်လိုင်းပေါ်က ဝေဖန်ရေးသားသူ အယောက် ၅၀ လောက် ဖမ်းဆီးအရေးယူခံခဲ့ရတယ်လို့ မြန်မာအင်တာနက် ပရောဂျက် (MIP) အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်တဲ့အစိုးရဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ လွတ်လွတ်လပ်လပ် ရေးသားဝေဖန်တဲ့သူတွေကို “နိုင်ငံတည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်ပြားအောင်ရည်ရွယ်လှုံ့ဆော်ဝါဒဖြန့်” တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်ပြီး ဖမ်းဆီးနေတယ်လို့ လေ့လာသူတွေကပြောပါတယ်။

ဦးမင်းအောင်လှိုင် မကြာခင်ကခန့်လိုက်တဲ့ ပြောရေးဆိုခွင့်ရှိသူအသစ် ဒေါ်ခိုင်ခိုင်စိုးနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ပေါ်က သတင်းတစ်ပုဒ်အောက်မှာမှတ်ချက်ရေးလိုက်တဲ့ ပဲခူးမြို့က ၆၈ နှစ်အရွယ် အမျိုးသမီးကို ဇွန်လ ၅ ရက် နေ့မှာဖမ်းလိုက်ပါတယ်။ အဖမ်းခံရတဲ့ ဒေါ်ကြင်စိုး ဟာ ပဲခူးမြို့ အလက (၄) က အငြိမ်းစား မြန်မာစာဆရာမ ဖြစ်ပြီး တပည့်တွေကချစ်ခင်လေးစားခံရတဲ့သူလို့ တပည့်ဟောင်းတစ်ယောက်က RFA ကိုပြောပါတယ်။ သူ့ကို သူလျှိုဒလန်တစ်ယောက်ကတိုင်လိုက်လို့ အဖမ်းခံရတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်လိုပဲ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ “လရောင်အောက်က ကုမုဒြာ” ဆိုတဲ့ သီချင်းနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာမှတ်ချက်ရေးလိုက်တဲ့ တောင်ကြီးမြို့က မနန်းဧကရီကျော် ကို ဇွန်လ ၆ ရက်နေ့ကဖမ်းလိုက်ပြီး၊ ပြည်မြို့က ကိုမျိုးအောင် ဆိုတဲ့လူငယ်တစ်ယောက်ကိုလည်း လူမှုကွန်ရက်မှာ ရေးသားမှုနဲ့ ဇွန်လ ၉ ရက်မှာဖမ်းလိုက်တာကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါကြောင့် ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဖို့ စိုးရိမ်လာကြတယ်လို့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လူတော်တော်များများကတော့ စိုးရိမ်ကြောင့်ကြမှုတော့ ရှိတာပေါ့။ တချို့ဆို Comment ကို ဝင်မရေးတော့ဘူး၊ မရေးဘဲနဲ့ ကြည့်ရုံပဲကြည့်တယ်။ လက်ညှိုးလည်းမထောင်ဘူး၊ လက်မလည်းမထောင်ဘူး အဲဒီလိုပေါ့ နော် စိုးရိမ်မှုတွေက။ ကိုယ်ကလည်း မိသားစုနဲ့ဘာနဲ့ဆိုတော့ Comment ရေးတဲ့ အကျင့်လေးတော့ ရှောင်ထားရတယ်။ ဘာလို့လဲဆိုရင် သူတို့က အမြဲတမ်းလိုင်းပေါ်မှာစောင့်ကြည့်နေတာ သူတို့ကဖမ်းဆိုရင် တဖက်က ရဲကလာဖမ်းပြီ၊ အိမ်လိပ်စာအတိအကျနဲ့လူနာမည်နဲ့”

ဧပြီနဲ့ မေလမှာလည်း TikTok နဲ့ Facebook စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ စစ်တပ်ခန့် အစိုးရကို ဝေဖန် ပြောဆိုရေးသားတဲ့ မန္တလေး၊ မတ္တရာနဲ့ မြ၀တီမြို့က အရပ်သား သုံးဦးထက် မနည်းကိုဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြတာတွေ့ရပါတယ်။

ဒီလုပ်ရပ်တွေကိုကြည့်ရင် အတုအယောင်ဒီမိုကရေစီ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“တကယ်တမ်းကျတော့ သူတို့ပြောနေတဲ့ ဒီမိုကရေစီဆိုတာ အတုအယောင်ဒီမိုကရေစီပဲလေ။ ဒီမိုကရေစီဆိုရင် ပြောမှာပဲလေ။ ကောင်းတာကိုလည်း လက်ခံရမယ်။ မကောင်းတာကိုလည်း ဝေဖန်မှာပဲလေ။ အခုက လုပ်လို့မှ မရတာလေ။ ဒီအကြောင်းအရင်းက မကောင်းတဲ့အကြောင်းအရင်းကို မကောင်းဘူးလို့ ရေးပိုင်ခွင့်မရှိဘူး။ မင်းတို့ မဝေဖန်နဲ့ လေနဲ့တောင်ဝေဖန်လို့မရဘူးဆိုတဲ့သဘောပဲ”

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့ကာလ ၂၀၂၅ နိုဝင်ဘာကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ သုံးလအတွင်း အွန်လိုင်းပေါ်က ဝေဖန်ရေးသားသူ အယောက် ၅၀ (၄၉ ဦး) လောက်ဖမ်းဆီးအရေးယူခံခဲ့ရတယ်လို့ မြန်မာအင်တာနက် ပရောဂျက် (MIP) အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါဟာ ပြည်သူတွေကို အကြောက်တရားသွင်းနေတာလို့ (MIP) အဖွဲ့က ဒီဂျစ်တယ်လွတ်လပ်ခွင့်လေ့လာသူ ကိုသစ်ဉာဏ် က သုံးသပ်ပါတယ်။

“self-censorship ပေါ့နော် လူတွေက ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အခုလိုအခြေအနေတွေ ကြုံလာတာဖြစ်တဲ့အတွက် ရေးသားပြောဆိုမှုတွေကို နုတ်အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ လူမှုကွန်ရက်ပေါ်ကလိုမျိုးဖြစ်စေ ဖော်ပြတဲ့ဟာအားလုံးကို ဆင်ဆာလုပ်လာကြပါတယ်။ Facebook ပေါ်မှာ ရေးတဲ့ဟာပေါ် မူတည်ပြီးတော့ ဖမ်းဆီးခံရတယ် ဆိုတဲ့ အကြောက်တရားမျိုးကိုလည်း သွတ်သွင်းတဲ့ဟာမျိုးကိုလည်း တွေ့ရတယ်”

အခုလို ဖမ်းဆီးအရေးယူမှုတွေဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေကို ချိုးဖောက်နေတာလို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မချောစုစံက ထောက်ပြပါတယ်။

“လူငယ်တင်မဟုတ်ဘဲနဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကိုပါမချန် အရေးယူမှုတွေလုပ်တယ်ဆိုကတည်းက ပြည်သူရဲ့ ဆန္ဒတွေ ပြည်သူရဲ့ တုံ့ပြန်ချက်တွေကို သူတို့အနေနဲ့ လုံး၀ ဖိနှိပ်ထားတယ်ဆိုတာမျိုးပေါ့နော်။ အတုအယောင်အစိုးရကိုဝေဖန်တဲ့ ပြည်သူတွေအပေါ်မှာတော့ သူတို့အနေနဲ့ အခွင့်အရေးတွေ ဆက်လက်ချိုးဖောက်ပြီးတော့ အရေးယူမှုတွေလုပ်နေတယ်ဆိုတာက ပေါ်ပေါ်ထင်ထင်ကို ထင်သာမြင်သာရှိနေတယ်”

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း နှစ်ထောင်နီးပါး (၁,၉၉၃ ဦး) ရှိတယ်လို့ Data For Myanmar အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။