ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၂၃ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပြုရေး ဆုံးဖြတ်ရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကုလသမဂ္ဂဆိုင်ရာ မှတ်တမ်းတွေအပြင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာ၊ အရပ်သားတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ လေကြောင်းတိုက်ခိုက်ခံနေရတာအပါအဝင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ NLD က တောင်းဆိုထားပါတယ်။
ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးဟာ လူတစ်ဦးရဲ့ ရာထူးတည်မြဲရေးသက်သက် မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒနဲ့ ဆက်စပ်နေတယ်လို့ NLD ပါတီဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။
“၂၀၁၆ မှာ ပေါ်လာခဲ့တဲ့ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တာကို ပေါ်လွင်စေခဲ့ပါတယ်။ ၂၀၂၁ မြန်မာပြည်အာဏာသိမ်းမှုဟာ ပြည်သူ့ဆင့်လွှဲအာဏာ (People’s mandate) ကို စစ်ခေါင်းဆောင်က စော်ကားခဲ့တာ၊ ပြည်သူကို စော်ကားခဲ့တာပါ။ ကမ္ဘာက မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ကို လေးစားစွာနဲ့ ယနေ့ထိ ပြည်သူ့အစိုးရကို ကိုယ်စားပြုခဲ့တဲ့ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုထားတာပါ။ ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးပါတယ်”
အဲဒီရွေးကောက်ပွဲမှာ အတိုက်အခံပါဝင်မှု ကန့်သတ်ခံရတာ၊ အဓိကနိုင်ငံရေးပါတီတွေ ဖယ်ထုတ်ခံရတာ၊ မဲပေးသူနည်းပါးတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား မဲပေးရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop က ဇွန်လ ၁၉ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထောက်ခံတာ၊ စောင့်ကြည့်လေ့လာတာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒီအချက်တွေကိုလည်း NLD ရဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်တပ်ခန့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တာကြောင့် သူ့ရဲ့ ကုလသမဂ္ဂကိုယ်စားပြုမှုကို အသိအမှတ်မပြုဘူးလို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းကို ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ဖို့လည်း သံတမန်လမ်းကြောင်းကနေ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားတာပါ။
ဦးကျော်မိုးထွန်းဟာ ၂၀၁၈ ခုနှစ်ကစပြီး ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်မှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောအစည်းအဝေးမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ၇၆ ကြိမ်မြောက်ကနေ ၈၀ ကြိမ်မြောက် အထွေထွေညီလာခံအထိ Credentials Committee က မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆက်တိုက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး အထွေထွေမိန့်ခွန်းပြောတဲ့ အစီအစဉ်ကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေက ပြည်တွင်း၊ ပြည်ပမှာ ထောက်ခံလှုပ်ရှားပွဲတွေ ဆက်လက်ပြုလုပ်နေကြပါတယ်။
