လေးမျက်နှာရေဘေး လူ နှစ်ဦး သေဆုံး၊ ရေဘေးသင့်သူ သုံးသောင်းကျော်အထိ ရှိလာ

ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနေတာ အခုဆို တစ်ပတ်နီးပါးရှိနေပြီဖြစ်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်း ရေကြီးမှုမှာ သေဆုံးသူ နှစ်ဦးရှိပြီး ရေပြန်မကျသေးဘဲ ရေဆက်တက်နေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်နေသူတွေက ဩဂုတ် ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဩဂုတ် ၄ ရက် ညနေ ၆ နာရီတိုင်းတာချက်အရ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေအမှတ် ၂ ဒသမ ၄ လက်မခန့် ပြန်ကျလာတယ်လို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ ရေပြန်မကျဘဲ ရေတက်နေဆဲပဲလို့ ရေဘေးကူညီကယ်ဆယ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရေမကျပါဘူးခင်ဗျာ။ တက်မြဲတက်နေပါတယ်။ ရေဧရိယာလည်း ပိုကျယ်ကျယ်သွားပြီး ရွာကျော် မြို့ဆက် ရေတွေတက်နေတာပါ။ ဒါကြောင့် အောက်ပြည်အောက်ရွာက ပြည်သူတွေ ရေလာတာမြင်တာနဲ့ စောစောစီးစီးရှောင်ကြပါ။ ဒီအနေအထားနဲ့ဆိုရင် ကြာမယ့်သဘောရှိပါတယ်။ ကျိုးကျသွားတဲ့ တာကို အမြန်ဆုံး ဖာနိုင်ဖို့ အရေးကြီးပါတယ်”

ဇူလိုင် ၃ဝ ရက်နေ့ညက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနေတာ အခုဆို တစ်ပတ်နီးပါးရှိနေပြီဖြစ်ပါတယ်။

ဩဂုတ် ၃ ရက် ညနေပိုင်းမှာ လေးမျက်နှာမြို့ အမှတ် (၃) ရပ်ကွက်က ရေမြုပ်နေတဲ့ နေအိမ် တစ်လုံးထဲမှာ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးနေသလို ဩဂုတ် ၅ ရက်မှာလည်း အိုင်သပြုကျေးရွာ အောင်မင်္ဂလာရပ်ကွက်အတွင်း ရေစီးနဲ့မျောပါသွားတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိ အတည်ပြုနိုင်တဲ့ ရေဘေးကြောင့် သေဆုံးသူ ၂ ဦး ရှိလာပြီဖြစ်ပါတယ်။

ဒီရေကာတာကျိုးပေါက်မှု နောက်ဆက်တွဲရေကြီးမှုမှာ သေဆုံးသူ၊ ပျောက်ဆုံးနေသူတွေနဲ့ ရေဘေးသင့်ဧရိယာပိုများလာတဲ့အခြေအနေတွေကိုတော့ စစ်တပ်ခန့်အစိုးရဘက်က အခုချိန်အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လူမှုကူညီရေးအဖွဲ့တွေပြောပြချက်အရတော့ လေးမျက်နှာမြို့၊ ရေကြည်မြို့၊ ကျုံပျော်မြို့၊ ငါးသိုင်းချောင်းမြို့နဲ့ ဟင်္သာတမြို့နယ်က ရွာတွေ လယ်တွေထဲအထိ ရေနစ်မြုပ်လာပြီဖြစ်ပါတယ်။

လေးမျက်နှာ- အိုင်သပြု-ငါးသိုင်းချောင်း လမ်းပေါ်က တံတားတစ်စင်း ရေတိုက်စားပြီး ကျိုးကျခဲ့သလို ပုသိမ်-ဟင်္သာတ-ကြံခင်း မီးရထားလမ်းပိုင်းလည်း ရေနစ်မြုပ်နေတာကြောင့် ဩဂုတ် ၄ ရက်ကစပြီး ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားရပါတယ်။

စစ်တပ်ခန့်အစိုးရ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ဩဂုတ် ၄ ရက်ညနေပိုင်းအထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ရပ်ကွက် ၅ခု၊ ကျေးရွာ ၁ဝ၆ ရွာက လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်နေတယ်လို့ ဩဂုတ် ၅ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂ ရက်ကနေ ၄ ရက်နေ့အတွင်း ရေဘေးသင့်လူဦးရေဟာ ၁၄,၀၅၆ ဦးကနေ ၃၂,၆၀၇ ဦးအထိ တိုးလာတာဖြစ်ပါတယ်။

ဒါဟာ နှစ်ရက်အတွင်း ရေဘေးသင့်သူ ၁၈,၅၅၁ ဦး တိုးလာတာဖြစ်ပြီး ရေဘေးသင့်အိမ်ခြေလည်း ၃,၁၅၈ လုံးကနေ ၇,၇၃၄ လုံးအထိ တိုးလာပါတယ်။

ရေဘေးသင့်ရွာအရေအတွက်ကလည်း ဩဂုတ် ၂ ရက်မှာ ၁၄ ရွာရှိရာကနေ ဩဂုတ် ၃ ရက်မှာ ၅၇ ရွာ၊ ဩဂုတ် ၄ ရက်မှာ ၁၀၆ ရွာအထိ တိုးလာတာကို စစ်တပ်ခန့်အစိုးရရဲ့ သမ္မတရုံးထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

နောက်ဆက်တွဲရေဘေးအခြေအနေ၊ လူသေဆုံးပျောက်ဆုံးမှုတွေနဲ့ ထိခိုက်တဲ့အခြေအနေတွေကို သိရှိနိုင်ဖို့ စစ်တပ်ခန့်အစိုးရအဖွဲ့ ဧရာဝတီတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

---