ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကျိုးပေါက်ခဲ့တဲ့ နောက်ဆက်တွဲကြောင့် ရေဘေးသင့်သူ သောင်းချီရှိလာပြီး ပိတ်မိသူတွေကို ကယ်ဆယ်ဖို့ စက်လှေ၊ စက်သုံးဆီနဲ့ လူအင်အားအရေးပေါ်လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဇူလိုင် ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်ခဲ့ပြီး အဲဒီနေရာဟာ နောက်ပိုင်းမှာ ပေ ၂၀၀ ကျော်အထိ ကျယ်လာတယ်လို့ မြေပြင်မှာရောက်နေတဲ့ရေဘေးကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။
တာဘောင် ကျိုးပေါက်ပြီးနောက် ရေတဟုန်ထိုး ဝင်ရောက်လာတာကြောင့် ရေဘေးသင့်သူ သောင်းချီရှိလာပြီး နေအိမ်တွေထဲ ပိတ်မိနေသူတွေကို စက်လှေနဲ့ အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
တာကျိုးပေါက်မှုကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၁၄) ရွာ၊ အိမ်ခြေ ၃,၁၅၈ လုံးက လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်နေတယ်လို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့တယ်လီဂရမ်ကနေ ဩဂုတ် ၂ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။
မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့က လက်ရှိရေဘေးသင့်သူဟာ နှစ်သောင်းဝန်းကျင်ရှိနိုင်ပြီး ငဝန်မြစ်တစ်လျှောက်မှာ ရေဆက်တိုက်ဝင်နေတယ်လို့ RFA ကိုပြောပါတယ်။
ပန်းတနော်မြို့နယ်၊ နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့က ဦးမင်းကို က “အခုလက်ရှိကတော့ လူဦးရေ နှစ်သောင်းဝန်ကျင်နီးပါးရေဘေးကြောင့် ဒုက္ခရောက်နေတယ်။ ဒီငဝန်မြစ်တာက ဗြုန်းစားကြီး ပေါက်သွားတဲ့အခါကြတော့ တချို့တွေဆိုရင် ကိုယ်လွတ်ရုန်းပြီးပြေးကြရတာမျိုးတွေရှိတယ်။ ခါးဝတ်ခါးသွားနဲ့ဘာမှသယ်ယူလို့ မရဘူး။စားတာသောက်တာတွေအစ၊ အိပ်ယာတွေကအစ၊အကုန်လုံးမြုပ်တာပေါ့” လို့ ပြောပါတယ်။
ရေတက်မြန်လာတာကြောင့် လေးမျက်နှာမြို့ပေါ်က ရပ်ကွက် ၅ခုအပြင် ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်း၊ ဂျမ်းကုန်း၊ ကျွန်းတဲနဲ့ ကွမ်းခြံကုန်း၊ စတဲ့ ရွာတွေ ရေနစ်မြုပ်ခဲ့ပါတယ်။ အိုင်သပြုမြို့နဲ့ တခြားအောက်ပိုင်းဒေသတွေကို ရေဆက်ဝင်နေတယ်လို့လည်း ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးကျော် က ပြောပါတယ်။
“နစ်မြုပ်တယ်ဆိုတာက မိုးရွာလို့ ရေကြီးနစ်မြုပ်သလိုမျိုးပဲ ကွက်ပြီးတော့ နစ်မြုပ်တာမျိုးမဟုတ်ဘူး။ ဒေသတစ်ခုလုံးကို နစ်မြုပ်သွားတဲ့သဘောမျိုးပေါ့၊ လေးမျက်နှာမြို့ပေါ်တင်မဟုတ်ဘဲနဲ့ ဆက်စပ်နေတဲ့ အိုင်သပြုမြို့အထိရေရောက်တာပေါ့နော်။ ဆက်ပြီးတော့သာ သွားမယ်ဆိုလို့ရှိရင် ဟင်္သာတမြို့နယ်နဲ့ဆက်စပ်တဲ့နေရာတွေရှိတယ်။ ပြီးတော့ ငါးသိုင်းချောင်းမြို့လည်းရှိတယ်”
ကူညီနေသူတွေ ပြောပြချက်အရ အိုင်သပြုနဲ့ မြစ်ကျိုးအနီးက ကျေးရွာတွေမှာ နေအိမ်တွေထဲပိတ်မိနေသူတွေ ရှိတာကြောင့် စက်လှေတွေနဲ့ ကယ်ထုတ်နေရဆဲဖြစ်ပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေအတွက် စက်လှေ၊ မော်တော်ဘုတ်၊ စက်သုံးဆီတွေ အရေးပေါ်လိုအပ်နေပါတယ်။
စက်သုံးဆီဝယ်ဖို့ ဟင်္သာတမြို့အထိ သွားနေရပြီး လမ်းတွေ ရေမြုပ်နေတာကြောင့် သွားလာရေးခက်ခဲနေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ အုတ်တွင်းကုန်းဆရာတော်က မိန့်ပါတယ်။
“ကယ်ဆယ်ရေးစခန်းတွေအားနည်းတယ်။ အားနည်းတော့ ဆရာတော်ကျောင်းတွေမှာ ယာယီအနေနဲ့နေထိုင်ကြတယ်။ ဒါပေမဲ့ အဲဒီမှာ အခက်အခဲရှိတာက လှေသမ္ဗာန်တွေပေါ့၊ မော်တော်ဘုတ်တွေ၊ စပိဘုတ်တွေ အဲဒါတွေအဲဒါတွေက လိုအပ်ချက်အနေနဲ့ တွေ့ခဲ့ရတယ်။ ဓာတ်ဆီဝယ်ရတာ မရတာ၊ ခဲယဉ်းတာ၊ အဲဒီတော့လှေကြီးသာရှိထားပြီးတော့ ထိုးထားရတဲ့အနေအထားတွေတွေ့နေရတယ်”
ရေကာတာကျိုးပေါက်ပြီးနောက် ၃ ရက်မြောက်နေ့ဖြစ်တဲ့ ဩဂုတ်လ ၂ ရက်နေ့ ရေဘေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကနေ အိုင်သပြုကို သွားပြီး ကူညီပေးနေတဲ့ ကြီးလေးကြီး လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း ရေတက်ဧရိယာကျယ်ပြန့်ပြီး ကားလမ်းတွေ ရေမြုပ်နေတာကြောင့် သွားလာရေး ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။
“လမ်းမပေါ်ကို ဒူးမြုပ်၊ ဒူးမြုပ်ဆိုတာကပုံမှန်ကိုပြောတာနော်။ တချို့နေရာတွေမှာ ရင်ခေါင်းလောက်အထိမြုပ်တယ်။ မနေ့(ဩဂုတ် ၁ရက်)ကသွားတဲ့ကားလမ်း၊ အိုင်သပြုနဲ့ လေးမျက်နှာသွားတဲ့လမ်းပေါ့။”
လက်ရှိ ရေဘေးရှောင်စခန်းတွေမှာ လူဦးရေတိုးလာတာကြောင့် ဆန်၊ ဆီ၊ အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါး အပြင် အခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ရေတွင်းတွေနဲ့ သောက်ရေကန်တွေ ရေလွှမ်းသွားတာကြောင့် သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတွေ ပြောဆိုချက်အရ အခုရေဘေးဟာ ပုံမှန်နှစ်စဉ် မြစ်ရေကြီးတာနဲ့ မတူဘဲ တာဘောင်ကျိုးပေါက်ပြီး မြစ်ရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကြိုတင်ပြင်ဆင်ချိန် မရခဲ့တာကြောင့် ရေဘေးဒုက္ခသည်တွေ ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ရေဘေးသင့်သူတွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းတွေကို ဆက်လက်ထောက်ပံ့ပေးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းသုံး ကားတွေ၊ စက်လှေတွေအတွက် လိုအပ်တဲ့ စက်သုံးဆီရဖို့ ဟင်္သာတမြို့ပေါ်က သတ်မှတ်ထားတဲ့စက်သုံးဆီအရောင်းဆိုင် (၉) ဆိုင်မှာ ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
