ဆိပ်ဖြူမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ တစ်ထောင်ခန့် ထွက်ပြေးနေရ

စစ်ကြောင်းကြောင့် ထိန်ကန်၊ တမာချောင်၊ တဲကြီး၊ ဂျုပ်ချောင်းကြီးနဲ့ မြေကြမ်းတော စတဲ့ ရွာ ငါးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဟုဆို။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူ ကားလမ်းပေါ်က ရွာတချို့ကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် လူတစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြောပါတယ်။

စစ်ကြောင်းကြောင့် ထိန်ကန်၊ တမာချောင်၊ တဲကြီး၊ ဂျုပ်ချောင်းကြီးနဲ့ မြေကြမ်းတော စတဲ့ ရွာ ငါးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ ဒေသခံတွေ တိမ်းရှောင်နေရတဲ့ ဂျုပ်ချောင်းကြီးနဲ့ မြေကြမ်းတော ရွာနှစ်ရွာမှာ စစ်တပ်က နှစ်ဖွဲ့ခွဲပြီး တပ်စွဲထားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “လွန်ခဲ့တဲ့ သုံးရက်လောက်က အခုထွက်ပြေးနေရတဲ့ရွာတွေက ပြည်သူတွေ အဖမ်းခံရတယ်။ အကုန်လုံးဆိုရင် ၂၀ လောက်ရှိတယ်။ အခုတော့ ပြန်လွတ်လာပြီ။ တချို့လည်း ငွေနဲ့ပြန်ရွေးရတာရှိတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုရင် စစ်ကြောင်းက လမ်းမှာတွေ့တဲ့သူတွေကို နားကပ်ပါရင် နားကပ်ချွတ်ခိုင်းတယ်၊ ပိုက်ဆံပါလာရင် ပိုက်ဆံအကုန်ယူတယ်။ အဲဒီလိုမျိုးတွေရှိတယ်” လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ် ဇီးဖြူကောင်းနဲ့ ရေပုတ်ရွာတို့ကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့လို့ အဲဒီရွာနှစ်ရွာက နေအိမ် တစ်ရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲမှာ စစ်တပ်ရဲ့ ကပစ-၂၁ နဲ့ ကပစ-၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ နှစ်ခု အခြေစိုက်ထားပြီး အဲဒီစစ်ရုံတွေကနေလည်း ပစ္စည်းတွေသယ်ယူပို့ဆောင်တဲ့အခါ စစ်ကြောင်းထိုးသလို၊ စက်ရုံနဲ့အနီးတစ်၀ိုက် ရွာတွေကိုလည်း မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် (၄,၀၃၁,၀၀၀ ဦး) ရှိနေပြီး၊ အဲဒီထဲမှာ မကွေးတိုင်းက ၄၇၂,၁၀၀ ဦး ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။