ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ၁၅ ခုထက်မနည်း ဖယ်ရှားခံ‌ထားရ

ဗိုလ်ချုပ်ရုပ်တုတွေကို အာဏာပိုင်တွေက ညပိုင်း လူအသွားအလာ နည်းချိန် စက်ယန္တရားတွေနဲ့ ဖြိုချဖယ်ရှားခဲ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နိုင်ငံတစ်ဝန်း စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို စစ်တပ်က ဖျက်ဆီးရှင်းလင်းနေတာ အခုဆိုရင် ၁၅ ခုထက်မနည်းရှိနေပြီး အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးယူပြီးနောက်ပိုင်း ဖြိုချတာတွေ ဆက်တိုက်ရှိလာတယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

RFA က စုစည်းရရှိထားတဲ့အချက်အလက်တွေအရ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး စတဲ့နေရာတွေမှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေ ဖယ်ရှားခံထားရတာဖြစ်ပါတယ်။ အခုလ ၆ရက်နေ့က ပဲခူးတိုင်း ဇီးကုန်းမြို့က ဗိုလ်ချုပ်ကြေးရုပ်ကို အာဏာပိုင်တွေက ဖြိုချက်ဖျက်ဆီးခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကတော့ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံထဲက ဗိုလ်ချုပ်ရုပ်တု နှစ်ခုနဲ့ သာကေတမြို့နယ် မြကန်သာပန်းခြံထဲက ကြေးရုပ်တွေ ဖြိုချ ဖျက်ဆီးခံခဲ့ရပါတယ်။

နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ အထိမ်းအမှတ်ရုပ်တုတွေကို အခုလို ဖြိုချဖျက်ဆီးတာ မလုပ်သင့်ဘူးလို့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အမြင်အရ ပြောရရင် သူတို့ ထမ်းထားရတာမှ မဟုတ်တာ ခပ်ရင့်ရင့် ပြောရရင်။ တောင်ဥက္ကလာပမှာ နှစ်ရုပ် ဖြစ်တာတော့ လက်ညှိုးထိုးစရာ ဖြစ်တယ်၊ ဒါပေမဲ့ ပန်းခြံလို နေရာမျိုးမှာ နိုင်ငံ့ခေါင်းဆောင်ကို အထိမ်းအမှတ် အနေနဲ့ ထားတာပဲ။ သူတို့ ဘာကြောင့် ပြောချင်တာက အဲဒီနေရာမှာ စီမံကိန်း (project) ရှိလို့ မလွတ်လို့၊ ဒါဆိုလည်း နားထောင်လို့ ကောင်းသေးတယ်ဗျာ။ အခုက ဘလိုင်းကြီးကို လုပ်နေတာ”

သုမင်္ဂလာပန်းခြံထဲက ဗိုလ်ချုပ်ရုပ်တု နှစ်ခုလုံးကို ဖြိုချထားပြီး အကာအရံတွေ ချထားသလို ဓာတ်ပုံရိုက်လို့ မရအောင် အာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

အခုနှစ်အတွင်း မကွေးတိုင်းထဲက မင်းဘူး၊ ကံမ၊ တောင်တွင်းကြီး၊ ရေစကြို မြို့နယ်တွေက ဗိုလ်ချုပ်ရုပ်တုတွေကို အာဏာပိုင်တွေက ညပိုင်း လူအသွားအလာ နည်းချိန် စက်ယန္တရားတွေနဲ့ ဖြိုချဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းကဆိုရင် ဇီးကုန်း၊ ပဲခူး၊ တောင်ငူ၊ ဧရာဝတီတိုင်းက ပုသိမ်၊ ကျုံပျော်၊ မအူပင်နဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့၊ မန္တလေးတိုင်း သာစည် နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွေက ဗိုလ်ချုပ်ရုပ်တုတွေလည်း ဖျက်ဆီးခံထားရပါတယ်။

ဗိုလ်ချုပ်ရုပ်ထုတွေကို ဖြိုချဖျက်ဆီးနေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီလိုဖျက်ဆီးရာမှာ ပါဝင်သူတွေနဲ့ ညွှန်ကြားသူတွေဟာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ မြန်မာ့သမိုင်း၊ သင်္ကေတအထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုလို ဗိုလ်ချုပ်ရုပ်တုတွေ ဖယ်ရှားခံနေရတဲ့အပေါ် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက အခုလိုပြောပါတယ်။

“ဦးအောင်ဆန်းက မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထားခဲ့လို့ပါ။ အခုချိန်မှာ အာဏာရှင်ဟာ သွေးလေမှန်ပုံမရပါဘူးဗျ။ အခုလည်း ကြေးရုပ်တွေကို ရန်လုပ်နေတယ်။ ပြည်သူပြည်သားများကို နှိပ်ကွပ်နေတာပဲ။ ပြည်သူ့ရင်ထဲက အောင်ဆန်းက အမြဲရှိနေမှာပါ”

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဘာကြောင့် ဖယ်ရှားသလဲဆိုတဲ့အပေါ် စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၉ နှစ်မြောက် အာဇာနည်နေ့မတိုင်ခင် နိုင်ငံအနှံ့က ဗိုလ်ချုပ်ရုပ်တုတွေကို စစ်တပ်ခန့်အစိုးရက အပြီးသတ် ဖယ်ရှားရှင်းလင်းသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူကစလို့ အမှတ်အသားတွေကို ဖျက်ဆီးနေတာဟာ စစ်အာဏာရှင်အဆက်ဆက် လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမည်မဖော်လိုသူ သာယာဝတီ မြို့ခံ နိုင်ငံရေးသမားတစ်ဦးက ဝေဖန်ပါတယ်။

“ဗိုလ်ချုပ်ရဲ့ အနှစ်နှစ်အလလ ဖျောက်ဖျက်ခြင်းခံရတဲ့ ကိစ္စတွေက ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ စပြီးတော့ ဒီဘက် အမေ ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိကို ဗီနိုင်းပုံတွေ၊ စက္ကူတွေကအစ နောက်ဆုံးဒီဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ ဗိုလ်ချုပ်ပုံရုပ်တုတွေ ဆထက်တပိုး အများကြီး ဖြစ်လာတာပေါ့နော်။ ရပ်ကွက်၊ မြို့တိုင်း အများကြီး ဖြစ်လာတာပေါ့နော်။ ဒါကြီးက သူတို့ အရှိုက်ကို ထိုးသလို ဖြစ်နေတယ်"

အာဏာသိမ်းစစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဖြိုချဖယ်ရှားနေသလို တစ်ဖက်မှာလည်း ၇၉ နှစ်မြောက် အာဇာနည်နေ့မှာ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ အထူးပြပွဲ ပြသသွားမှာဖြစ်ပြီး အများပြည်သူလာရောက်လေ့လာနိုင်တယ်လို့ ကြေညာထားပါတယ်။

NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို တိုင်းနဲ့ ပြည်နယ်အတော်များများမှာ ရုပ်တုဖြစ်မြောက်ရေးကော်မတီတွေ ဖွဲ့စည်းပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဇူလိုင် ၈ ရက်နေ့က ထုတ်ပြန်ချက်မှာ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပြည်သူတစ်ဦးချင်းစီရဲ့ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်တဲ့လုပ်ငန်းတွေမှာ ဥပဒေနဲ့အညီ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။