ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ တောင်ကုတ်နဲ့ မောင်တောစတဲ့ မြို့နယ် ခုနစ်ခုလောက်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် နေအိမ် ထောင်နဲ့ချီ ရေနစ်မြုပ်နေပြီး လူ တစ်သိန်းလောက် ရေဘေးကြုံနေရတယ်လို့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။
အဲဒီ မြို့နယ်တွေထဲက ကျေးရွာပေါင်း တစ်ရာကျော်ကို ဇူလိုင်လ ၉ ရက်နေ့ကတည်းက ရေစတင်ဝင်ရောက်လာတာကြောင့် ဒေသခံတွေကို အာရက္ခတပ်တော်(AA)နဲ့ ပရဟိတအဖွဲ့တွေက ရေဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ်မှာတော့ ကျေးရွာနဲ့ရပ်ကွက်ပေါင်း ၃၀ ကျော် ရေကြီးနစ်မြုပ်နေပြီး ဒေသခံတွေကတော့ ရေဘေးလွတ်ကင်းရာ နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းနဲ့ အထပ်မြင့်အဆောက်အဦးတွေမှာ ရှောင်တိမ်းနေကြတယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
“လတ်တလော စားရေးသောက်ရေးကတော့ နီးစပ်ရာက ဝိုင်းဖြေရှင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ရေကလည်း တအိအိတက်လာတဲ့အခါကြတော့ ဒေသခံတွေနဲ့ ULA/AA ဘက်ကလည်း ဒီအပိုင်းကို ဖိဖိစီးစီးလုပ်နေတာ တွေ့ရပါတယ်။ ပြီးတော့ လေးမြို့တို့ ကုလားတန်တို့က ရေစီးတအားသန်နေတော့ ကျောက်တော်က နှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး ဒီနေ့(ဇူလိုင် ၁ဝရက်) ဆုံးတယ်လို့ ကြားပါတယ်။ အမျိုးသားတွေ စက်လှေမောင်းသမားတွေလို့ ကြားတယ်ဗျ"
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်မှာလည်း ကျေးရွာနှ စ်ဆယ်ထက်မနည်း ရေဘေးကြုံနေရပြီး တစ်ဆက်ထဲမှာပဲ မြေပြိုတဲ့အန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် သေဆုံးသွားတဲ့ ဒေသခံတွေနဲ့ပတ်သက်လို့ RFA အနေနဲ့သီးခြားအတည်မပြု နိုင်သေးသလို ရခိုင်ပြည်နယ်ရဲ့ စစ်တပ်ခန့်ပြောခွင့်ရသူ ဦးမြင့်စိုးကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပင်လယ်ပြင်ကို ဝင်ရောက်လာတဲ့ အားအလွန်ကောင်းတဲ့ BAVI တိုင်ဖွန်းမုန်တိုင်းကြောင့် မိုင်ပေါင်း ၂၀၀၀ ကျော်ဝေးတဲ့ ရခိုင်ကမ်းရိုးတန်းကို မုတ်သုန်လေတိုက်ရိုက်ဝင်ရောက်လာတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မြေပြိုတာနဲ့ရေကြီးရေလျှံမှုတွေ ဆက်ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
စစ်တပ်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းတာတွေကြောင့် ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက်အတွင်း ရခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (Global Flood Awareness System - GloFAS) ရဲ့ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းနှစ်ဆယ်အတွင်း အဆိုးရွားဆုံး စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ရက်ရှည်ရေကြီးနိုင်ပြီး ရေလွှမ်းမိုးမှုကြောင့် ဒေသအတွင်းက လယ်ယာစိုက်ပျိုးမြေ ၃,၆၉၆ ဟက်တာခန့် ပျက်စီးဆုံးရှုံးနိုင်သလို ဒေသခံသောင်းနဲ့ချီ ရေဘေးကြုံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
