မင်းပြားမှာ ကမ်းပါးပြိုလို့ နေအိမ် ၃ဝ ခန့် ရေထဲမျောပါ

လေးရက်ဆက်တိုက် ရေကြီးခဲ့ပြီးနောက် မင်းပြားမြို့နယ် ရပ်ကွက် သုံးခုမှာ ကမ်းပါးပြိုပြီး နေအိမ် သုံးဆယ်ခန့် မျောပါသွား။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ လေးရက်ဆက်တိုက် ရေကြီးနစ်မြုပ်ခဲ့ပြီး ရေပြန်ကျသွားပေမဲ့ မင်းပြားမြို့နယ် ရပ်ကွက် သုံးခုမှာ ကမ်းပါးပြိုပြီး နေအိမ် သုံးဆယ်ခန့် မျောပါသွားတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

ရေကြီးကမ်းပါးပြိုကျတာနဲ့အတူ လမ်းမတော်ရပ်ကွက်က နေအိမ် ၇ လုံး၊ ရွှေပြည်စိုးရပ်ကွက်က နေအိမ် ၈ လုံးနဲ့ ဦးစောတန်းရပ်ကွက်က နေအိမ်နဲ့ ဆိုင်ခန်း ၁၂ ခန်း မျောပါသွားတာလို့ ဆိုပါတယ်။

ဒေသခံအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရေဘေးရှောင်နေရတာကြောင့် နေအိမ်တွေ ကမ်းပါးပြိုတာနဲ့ ပါသွားချိန်မှာ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူးလို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

“မြို့နယ်အားလုံးမှာ ရေက မနေ့(ဇူလိုင် ၁၃ ရက်)က အကုန်စကျတယ်။ ကိုးဆယ်ရာခိုင်နှုန်းလောက် အိမ်ပြန်သွားကြပါပြီ။ အိမ်တွေပြိုကျ ပျက်စီးတာတွေက ဘာမှယူချိန်မရလိုက်တာပေ့ါနော်။ မြေကိုမကျန်တာပေ့ါနော်။ မြေပြိုသွားတဲ့ ရပ်ကွက်တွေက မြို့ပေါ်ရပ်ကွက်တွေဆိုတော့ ပေ ၂၀၊ ပေ ၃၀ ပတ်လည်ကို သိန်းခြောက်ရာလောက်ရှိတယ်။ တချို့တွေလည်း အလုံးလိုက်ကိုမျောပါသွားတော့ ဘယ်လိုထူထောင်ရေးလုပ်ရမလဲ မသိဘူး။ ပရဟိတအဖွဲ့တွေလည်း ဒီဘက်ကို တစ်ဖွဲ့တောင် မရောက်လာကြပါဘူး”

လက်ရှိမြေပြင်မှာ ရေပြန်ကျသွားပေမဲ့ ဆက်တိုက် ကမ်းပါးပြိုတဲ့နေရာတွေ ရှိနေဆဲပဲလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဦးစောတန်းရပ်ကွက်က နေအိမ် အလုံး နှစ်ဆယ်၊ လမ်းမတော်ရပ်ကွက်က နေအိမ် အလုံး သုံးဆယ်နဲ့ ရွှေပြည်စိုးရပ်ကွက်က နေအိမ် ဆယ်လုံးလောက်ဟာလည်း မြေဆက်ပြိုနိုင်ချေရှိတဲ့နေရာမှာ ရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ နေအိမ်မျောပါပျက်စီးသွားတာကြောင့် အိုးအိမ်မဲ့ပြီး အခက်အခဲကြုံနေရတဲ့ ဒေသခံဘယ်လောက်ရှိလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

မင်းပြားဒေသက ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်နဲ့ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေကို အာရက္ခတပ်တော်( AA) က စားနပ်ရိက္ခာတချို့ထောက်ပံ့ကူညီပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတချို့ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်မှု နောက်ဆက်တွဲအနေနဲ့ ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေသန့်ရရှိဖို့ ခက်ခဲနေပြီး ဒေသခံတချို့ဟာ မိုးရေကို ကျိုချက်ပြီး အသုံးပြုနေရပေမဲ့ ရေရှည်မှာ ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်ကနေ ၁၃ ရက်အထိ ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ ခုနစ်မြို့မှာ ရေကြီးမှုကြောင့် နေအိမ် ထောင်နဲ့ချီနစ်မြုပ်ခဲ့ပြီး ဒေသခံ တစ်သိန်းလောက် ရေဘေးသင့်ကာ အရပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။