စစ်တပ်ခန့် အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇူလိုင်လ ၁၉ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို စစ်တပ်ခန့်အစိုးရဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ခဲ့ပြီး TNLA ဘက်က ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်တက်ရောက်ခဲ့တာပါ။
ဆွေးနွေးပွဲမှာ TNLA ဘက်က သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပလောင်ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်ထောင်စုက ခွဲထွက်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆက်ပြီး ပါဝင်သွားမယ်လို့ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်တပ်ဘက်ကတော့ ပလောင်ပြည်နယ်သတ်မှတ်ပေးဖို့ကိစ္စကို ဥပဒေ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်နိုင်တဲ့အကြောင်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ဖို့အတွက် အဲဒီဒေသတွင်းမှာရှိတဲ့ မြို့နယ်တွေက မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ထက်ဝက်ကျော် ထောက်ခံဖို့ ကနဦး လိုအပ်ပါတယ်။
အဲဒီထောက်ခံမှုကို ရရင်တောင် ရှမ်းပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါသေးတယ်။ အဲဒီထောက်ခံချက်နှစ်ခုစလုံးရရင် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို ထပ်မံ ရယူရမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ နမ့်ဆန် နဲ့ မန်တုံမြို့နယ်နှစ်ခုကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့၊ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
TNLA ကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၀ နာရီအထိ သတင်းထုတ်ပြန်တာမရှိသေးသလို TNLA ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း တစ်စုံတစ်ရာ တုန့်ပြန်ဖြေဆိုတာ မရှိပါဘူး။
TNLA ဟာ အာရက္ခတပ်တော်(AA)၊ ကိုးကန့်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA) တို့နဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပါတယ်။
စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတွေအတွင်း TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့ နဲ့ မိုးမိတ်မြို့တွေအပြင် မန္တလေးတိုင်း မိုးကုတ်မြို့ကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် နဲ့ မန္တလေးတိုင်း မိုးကုတ် မြို့တွေကို စစ်တပ်ဆီ ပြန်လည်လက်လွှတ်ခဲ့ရသလို ကွတ်ခိုင်မြို့ကိုလည်း ကိုးကန့်အဖွဲ့ MNDAA ဆီလက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ နဲ့ မိုင်းငေါ့ မြို့တွေကို TNLA က ဆက်လက်ထိန်းချုပ်ထားပါတယ်။
နေပြည်တော်ဆွေးနွေးပွဲမှာတော့ နယ်မြေကိစ္စတွေ ဆွေးနွေးတာ မရှိဘူးလို့ ဆွေနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။
