လစဉ်သုံးပစ္စည်းဆိုတာ အမျိုးသမီးတိုင်း ဓမ္မတာလာချိန်မှာ သန့်သန့်ရှင်းရှင်းလုံလုံခြုံခြုံနဲ့ နေထိုင်သွားလာနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအသုံးအဆောင်တစ်ခုပါ။
ဒါပေမဲ့ လက်ရှိစစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပဋိပက္ခဒေသတွေက အမျိုးသမီးတွေ အတွက်တော့ ဒီလိုလစဉ်သုံးပစ္စည်းတွေကို ပုံမှန်အသုံးပြုနိုင်ဖို့ ခက်ခဲလာပြီး လက်လှမ်းမမီနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်နေပါတယ်။
အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB) ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ မခရစ္စတင်း က “လစဉ်သုံးတွေက ဝယ်ဖို့ တအားခက်တယ်၊ အများကြီးဝယ်ပြီး ပို့တာတွေ ဘာတွေလုပ်လို့မရဘူး၊ ဂိတ်တွေက တွေ့ရင် ဆွဲချထားတယ်၊ ယူထားတယ် ပေးမသယ်ဘူး။ လစဉ်သုံးပစ္စည်းသယ်တဲ့ကိစ္စက လက်နက်သယ်သလိုကို သယ်နေရတာ။ ခက်ခက်ခဲခဲကို သယ်နေရတာ” လို့ ပြောပါတယ်။
RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ စစ်ကိုင်းနဲ့ မကွေးဒေသက အကူအညီပေးနေသူတွေပြောဆိုချက်အရ ဒီလိုအခက်အခဲတွေဟာ အညာဒေသတစ်ခုတည်းမှာတင်မကဘဲ တစ်နိုင်ငံလုံးက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နယ်မြေတွေက အမျိုးသမီးတွေ ကြုံနေရတဲ့ဖြစ်နေပါတယ်။
စစ်တပ်က အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကို ပစ်မှတ်ထားပြီး တားမြစ်ပိတ်ပင်နေတာလို့ ဒုက္ခသည်အရေးကူညီနေတဲ့ Sisters 2 Sisters အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“ရွာတွေမှာရှိတဲ့ ကျမတို့မိတ်ဖက်တွေ ပြောတာဆိုရင် အမျိုးသမီးလစဉ်သုံးကတော့ လုံးဝ အမေးအမြန်းမရှိ ဆိုင်းဘုတ်ထောင်ပြီး ကန့်သတ်ပိတ်ပင်တာ ဖြစ်တယ်။ ကျန်တဲ့ အမျိုးသမီးအတွင်းခံတွေ ဘာတွေကအစ သိမ်းလိုက်တာတွေ သူတို့ ကြုံခဲ့ရတယ်ပေါ့နော်”
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကုန်စျေးနှုန်းတွေ ကြီးလာတာ၊ စစ်တပ်က ဒီပစ္စည်းတွေ သယ်ယူတာကို တားမြစ်ကန့်သတ်လိုက်တာတွေကြောင့် စစ်ဘေးရှောင် အမျိုးသမီးတွေ ဒီပစ္စည်းကို ပုံမှန်မသုံးနိုင်ကြတော့ပါဘူး။
အာဏာမသိမ်းခင်က အနည်းဆုံး မြန်မာငွေ ၈ဝဝ - ၁ဝဝဝ လောက်ပေးဝယ်ရတဲ့ လစဉ်သုံးပစ္စည်း ၈ခုပါတဲ့ တစ်ထုပ်ဟာ အခု အညာဒေသမှာ မြန်မာငွေ အနည်းဆုံး ငါးထောင်ကနေ ခြောက်ထောင်ကြား ပေးဝယ်မှ ရပါတယ်။
စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အရည်အသွေးကောင်းတဲ့ လစဉ်သုံးပစ္စည်းတွေ မသုံးနိုင်တဲ့ အမျိုးသမီးတွေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံနေရတယ်လို့ အညာဒေသက စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ပေးနေတဲ့ CareLink Medical Team က ဆေးမှူး မမေက ပြောပါတယ်။
“ဒီဒေသကို ဝင်လာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက ကွာလတီမကောင်းတာတွေဖြစ်တော့ အသုံးပြုတဲ့ အမျိုးသမီးတွေအတွက်က အမျိုးသမီးကိုယ် လောင်တာကနေတဆင့် ပိုးဝင်တာတွေလည်း ကြုံရတယ်၊ အရည်အသွေးမကောင်းတဲ့ လစဉ်သုံးဂွမ်းထုပ်တွေကို ပုံမှန်စျေးထက် နှစ်ဆ ပေးဝယ်ရလို့ မဝယ်နိုင်တဲ့အမျိုးသမီးတွေက မိရိုးဖလာအတိုင်း အဝတ်စ ခံသုံးကြတဲ့အခါမှာ ပိုးဝင်ခြင်းဆိုတဲ့ ဝေဒနာတွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရတာရှိတယ်”
ဒါဟာ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်ဗျူဟာထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဇင်ချောင်းလူငယ်ပရဟိတ အသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
“ဖြတ်လေးဖြတ်လုပ်ထားတယ်ဆိုရင်တောင် ကျွန်တော်မြင်တာကတော့ လူသားချင်းစာနာ ထောက်ထားပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်တာတွေကို အဖမ်းအဆီးမရှိဘဲ လွတ်လွတ်လပ်လပ် ရခွင့်ပေးသင့်တယ်လို့ ထင်တယ်။ ဒီအမျိုးသမီးတွေအတွက် အတွင်းခံတို့ ဂွမ်းထုပ်တို့မရှိရင် လစဉ်ဓမ္မတာကိစ္စတွေက တော်တော်များများ အခက်အခဲရှိတယ်၊ အဲ့ကာလမျိုးရောက်ရင် သူတို့ အပြင်မထွက်ရဲဘူး”
ဒုက္ခသည်အရေးကူညီနေတဲ့ အမျိုးသမီးအဖွဲ့ဝင်တချို့လည်း အလားတူအခက်အခဲကို ရင်ဆိုင်နေရပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာကို ကုစားနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီလိုတားမြစ်ပိတ်ပင်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပဲလို့ အညာဒေသက စစ်ဘေး ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့ (Mobile Medical Team – West Division) က ဒေါ်ရတီအုန်းက ပြောပါတယ်။
“ဒီအမျိုးသမီးလစဉ်သုံးပစ္စည်းကို ပိတ်ပင်တာ ဘာအရေးကြီးလို့လဲလို့ ပြောလို့ရပေမဲ့ ကျမတို့ အမျိုးသမီးတွေအတွက်တော့ ၂၈ ရက်မှာ အနည်းဆုံး သုံးရက် အမြဲတမ်း စိတ်သောကရောက်တဲ့အနေအထားမျိုးပေါ့နော်။ ပြီးတော့ လစဉ် လစဉ် အဲ့ဒီရက်နား နီးကပ်လာတာနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး ပူပင်သောက က ထပ်လောင်းရောက်လာတယ်”
ပိုးသတ်ပြီးသား ဆေးပတ်တီးတွေ အလွယ်တကူမရတဲ့ တိုက်ပွဲတွေကြားမှာ ဒဏ်ရာရတော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို အရေးပေါ်ကုသတဲ့အခါ ဒီပစ္စည်းတွေကို အစားထိုးသုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ဘက်က တားမြစ်ထားတာလို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ ဒါကို တရားဝင်ကြေညာထားတာမရှိပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ဒုက္ခသည်အရေးကူညီနေသူတွေ ပြောပြချက်အရ စစ်တပ်က ၂ဝ၂၃ ခုနှစ်လောက်ကစပြီး တချို့ဒေသတွေမှာ တော်လှန်ရေးအဖွဲ့တွေဆီ အခြေခံရိက္ခာတွေ မရောက်အောင် ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ ဖြတ်လေးဖြတ်နည်းဗျူဟာကို စတင်ပြီး ပစ္စည်းတွေ သယ်ယူတာကို ကန့်သတ်ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၂၅ နှစ်လယ်လောက်ကစပြီး ဒီလိုလစဉ်သုံးပစ္စည်းတွေ ဝယ်ယူလို့မရအောင် ပြတ်လပ်အောင်အထိ အရှိန်မြှင့်ပိတ်ပင်တားမြစ်လာတာလို့ ဆိုပါတယ်။
ဒါဟာ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်တဲ့ စစ်တပ်ရဲ့ နည်းနာတစ်ခုဖြစ်တယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ Sisters 2 Sisters အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်က ဝေဖန်ပါတယ်။
“စစ်ရေးပဋိပက္ခအတွင်းမှာ ဓားစာခံဖြစ်နေတဲ့ အရပ်သားတွေ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်မထားရဘူးဆိုတာသည် နိုင်ငံတကာ လူသားစာနာဥပဒေရဲ့ အခြေခံအချက်ဖြစ်တယ် ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ သူတို့ဖြတ်တောက်ထားတဲ့အရာတွေမှာ လူသားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကနေဖြစ်တဲ့ကိစ္စကို သူတို့ပိတ်ပင်တယ်ဆိုတာက စစ်ရာဇဝတ်မှုထဲက တစ်ခုဖြစ်တယ်လို့ ပြောလို့ရတယ်”
စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းရရှိဖို့ဟာ သက်သာချောင်ချိရေးကိစ္စတစ်ခုထက် ပိုပြီး လူ့ဂုဏ်သိက္ခာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်လို့ အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အရပ်သားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ထိခိုက်စေတဲ့ ကန့်သတ်မှုတွေ ရပ်တန့်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်ကို ဖိအားပေးဖို့ လိုအပ်တယ်လို့လည်း သူတို့က တိုက်တွန်းပါတယ်။
